ဒေသတွင်း နေ့စဉ်စားရေရိက္ခာလိုအပ်ချက်ပြည့်မီရေးကြိုးပမ်းဆောင်ရွက်ပေး
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇွန် ၁၄ ရက်)
မြန်မာနိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လျက်ရှိပါသည်။ အဆိုပါ ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ် အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ပေးလျက်ရှိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာတွင် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရေးဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းဆိုသည်မှာ လူသားတို့ နေ့စဉ်မဖြစ်မနေ စားသောက်နေရသည့် လူမှုကိစ္စများကို ဖြည့်ဆည်းပေးနေသည့် အရာများလည်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်နှင့် မှော်ဝန်း ချောင်းကြားနေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဦးစွာနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်းဆောင်၌ သက်ဆိုင်ရာ တာဝန်ရှိသူများက သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းငါးကန်နှင့် ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးကွက်အတွင်းသို့ သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု အခြေအနေများ၊ သီလဝါစိုက်ပျိုးမွေးမြူရေးဇုန်မှထွက်ရှိသည့် ကြက်ဥ၊ ဘဲဥများအား သဘာဝဘေးဒဏ် သင့်ခဲ့ရသည့် ဒေသများ၌ သက်သာသောနှုန်းထားများဖြင့် သွားရောက်ရောင်းချပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်သား၊ ငါး ထုတ်လုပ်မှုအပေါ် စားသုံးနိုင်မှုအခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ်အမှာစကားပြောကြားရာတွင် “ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှု မရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများအနေဖြင့် မိမိတို့စတင်တာဝန်ယူစဉ်ကပင် စီးပွားရေး ပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်အောင်ဆောင်ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှု အခက်အခဲ ဖြစ်အောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေးအခက်အခဲ အကျပ်အတည်းများ ဖြစ်အောင်ဆောင်ရွက် ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မိမိနိုင်ငံနှင့်ပြည်သူများအတွက် စေတနာမှန်ကန်စွာ ဦးဆောင် ကြိုးပမ်း လုပ်ဆောင်ပေးလျက်ရှိသည့်အတွက် အဆိုပါ အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့ပြီဖြစ်သည်။ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုအရ စိုက်ပျိုးမွေးမြူရေးဧရိယာများ တိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက် အောင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများကို အပြည့်အဝ အသုံးချဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင် လူဦးရေ ၈ သန်း ခန့်ရှိပြီး နေ့စဉ်အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များစွာရှိသဖြင့် အဆိုပါ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိသည်။
အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့်ဥများကို တင်ပို့ရောင်းချနေလျက်ရှိရာ ထုတ်လုပ်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကြောင့် စားသောက်ကုန်များ ဈေးနှုန်းမြင့်မားစွာ ဝယ်ယူစားသုံးနေရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ထုတ်လုပ်ရောင်းချနိုင်မည် ဆိုပါက မြို့နေပြည်သူများအနေဖြင့် အသား၊ ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင်မည် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံ ရစေရေး စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်ဈေးထက် ပိုမိုဈေးတင်ရောင်းနေသည့် ဝိသမလောဘ သမားများကိုလည်း တာဝန်ရှိသူများက စိစစ်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများစားရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။