ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်  ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၅    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။    
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နှင့် ရပ်စောက်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ တိုက်နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သလပ်ခွာကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့ ပြည်သူ့ဆေးရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံ များသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် ခွဲစိတ်ခန်းသုံးဝတ်စုံ ၃၀ စုံ၊ နှာခေါင်းစည်း ၃၀၀ ခုနှင့် Face   Shield ၁၀၀ ခုတို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့ ပြည်သူ့ဆေးရုံသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်မှ တာဝန်ရှိသူများက ယနေ့တွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။