ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ နိုဝင်ဘာ - ၅    
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။    
ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံ၊ ခန္တီးမြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးတို့၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်ဆိုင်ရာ တပ်နယ် အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။