နိုင်ငံသားကောင်းဖြစ်စေဖို့ ပြည်သူ့နီတိကျင့်သုံးစို့

နိုင်ငံသားကောင်းဖြစ်စေဖို့ ပြည်သူ့နီတိကျင့်သုံးစို့

    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ ခေတ်နှင့်အညီ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် ပညာရေးကောင်းမွန်သော မျိုးဆက်သစ်များ အစဉ်မွေးထုတ်ပေးရန် လိုပါသည်။ ပညာရေးဆိုသည်မှာ အတန်းပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်။ တတ်သိလိမ္မာသင့်သော အသိ၊ အတတ်၊ အလိမ္မာအားလုံးကို ဆိုလိုပါသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်ဝယ် အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများ ဖြစ်ရာ ငယ်စဉ်ကလေးဘဝမှစ၍ တာဝန်ဝတ္တရား၊ စည်းကမ်းနှင့် အခွင့်အရေးစသည်တို့ကို  တတ်သိနားလည်ပြီး  လက်တွေ့လိုက်နာ လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုပါသည်။ သို့မှသာ ပြည်သူတစ်ယောက်အနေဖြင့် လိုက်နာရမည့်စည်းကမ်း၊ ရှောင်ကြဉ်ရမည့် နည်းလမ်း၊ နိုင်ငံနှင့်ပြည်သူအတွက် ထားရှိရမည့်စိတ်ဓာတ်၊ ခံယူချက်တို့ကို သိရှိပြီး မှန်ကန်စွာ လိုက်နာဆောင်ရွက်နိုင်ပေမည်။ တစ်နည်းအားဖြင့် ပြည်သူတိုင်း လိုက်နာ ကျင့်ကြံရမည့်”ပြည်သူ့နီတိ” အကြောင်းခြင်းရာတို့ကို သိရှိပြုကျင့်နိုင်မည်ဖြစ်သည်။

ပြည်သူ့နီတိဟူသော ဝေါဟာရကို မြန်မာအဘိဓာန်တွင် “ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်” ဟူ၍ ဖွင့်ဆိုထားသည်။ အရှင်ဓမ္မဿဝံသ၏ “ခေတ်မီပါဠိ-မြန်မာအဘိဓာန်” ၌ နီတိ(နီ+တိ)(ဣ)-ဆောင်ခြင်းဟု ပြဆိုထား၏။ “တိပိဋကအဘိဓာန်”၌ နီတိ-တတ်သိလိမ္မာကြောင်းဖြစ်သောဟု ပြဆို၏။ “ဦးဟုတ်စိန် အဘိဓာန်”၌ နီတိ(ဣ)(နီ+တိ)ဆောင်ခြင်း၊ နည်းပြသောကျမ်း၊ နီတိကျမ်းဟု ပြဆိုထား၏။ ထို့ကြောင့် ပြည်သူ့နီတိဟူသည် ပြည်သူတို့တတ်သိ ကျင့်သုံးရမည့် နိုင်ငံတိုးတက် စည်ပင်ဖွံ့ဖြိုးစေမည့် နည်းလမ်းများပင်ဖြစ်ပေသည်။ စင်စစ် ကလေးများအား ကျောင်းများ၌ ပြည်သူ့နီတိကို  သင်ကြားလေ့ကျင့်ပေးခြင်းသည်

ပြည်သူပြည်သားကောင်း ဖြစ်မြောက်ရေး၊ ကမ္ဘာသူကမ္ဘာသားကောင်း ဖြစ်မြောက်ရေးအတွက် လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်များကို လေ့ကျင့်ပေးလိုက်ခြင်းဖြစ်ပေသည်။

ပြည်သူ့နီတိသည် သင်ကြားလေ့ကျင့်အပ်သော အဖိုးတန်တတ်သိပညာဖြစ်သည်။  ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦး တို့ငယ်စဉ် ၁၉၃၆ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ ပြည်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပြည်သူ့နီတိဘာသာရပ် (CIVIC) ကိုသင်ကြားလေ့ကျင့်ခဲ့ရသည်ဟု သိရပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံတော်ကျောင်းများ၌ ပြည်သူ့နီတိဘာသာရပ်ကို သင်ကြားပေးရန် သတ်မှတ်ပြဋ္ဌာန်းခဲ့ကြောင်း သိမှတ်ရသည်။ ၁၉၄၅ ခုနှစ် နိုင်ငံတော် မူလတန်းနှင့် နိုင်ငံတော် မူလတန်းလွန်ကျောင်းများအတွက် သင်ရိုးမာတိကာ၌ ပြည်သူ့နီတိ(CIVIC)ကို (Training for Civic Life)ဟူ၍ အသေးစိတ်ဖော်ပြထားသည်။ ၁၉၅၀ ပြည့်နှစ် နိုင်ငံတော် မူလတန်းကျောင်းများ အတွက် သင်ရိုးမာတိကာ၌ History And Civic (Training for Civic Life)ဟူ၍ နိုင်ငံသမိုင်းနှင့် ပြည်သူ့နီတိဘာသာရပ်ကို တစ်တွဲတည်း သတ်မှတ် ပြဋ္ဌာန်းထားခဲ့ကြောင်း တွေ့ရသည်။ ၁၉၅၄ ခုနှစ် ဘဝသစ် ဖန်တီးမှုပညာရေး အလယ်တန်းကျောင်းများအတွက် သင်ရိုးမာတိကာတွင် “လူမှုရေးရာ” ခေါင်းစဉ်ကြီး အောက်၌ နိုင်ငံသမိုင်း၊  ပထဝီဝင်၊ ပြည်သူ့နီတိ၊ စီးပွားရေးပညာဟူ၍  ခေါင်းစဉ်လေးရပ်ဖြင့်   ဖော်ပြထားသည်ကို  တွေ့ရသည်။ ထို့အတူ အထက်တန်းကျောင်းများအတွက်  သင်ရိုးမာတိကာ၌လည်း ထိုအတိုင်းပင် ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် ၁၉၆၆ ခုနှစ်တွင် အခြေခံပညာရေး ဥပဒေကို ပြုပြင်ရေးဆွဲမှုအရ သူငယ်တန်းမှ ဒသမတန်းအထိ(မူလတန်း၊ အလယ်တန်း၊ အထက်တန်း)သင်ရိုးမာတိကာများတွင် ပြည်သူ့နီတိဘာသာရပ် လုံးဝမပါတော့ပေ။ ယခုအခါ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း အချက်အလက်အရ အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် မာတိကာများ ရေးဆွဲပြီး ကျောင်းသင်ဘာသာရပ် အသီးသီးကို သတ်မှတ်ပြဋ္ဌာန်းကာ   အခြေခံပညာမူလတန်းအဆင့် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့တွင်  “စာရိတ္တနှင့်ပြည်သူ့နီတိ” ဘာသာရပ်ကို သင်ကြားရန် ဆောင်ရွက်ခဲ့သည်။

စာရိတ္တနှင့်ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်များတွင် အိမ်၌ ယဉ်ကျေးခြင်း၊ ကျောင်း၌ ယဉ်ကျေးခြင်း၊ လမ်း၌ယဉ်ကျေးခြင်း စသည်ဖြင့်ခေါင်းစဉ်ခွဲများ ခွဲခြားပေးထားသည်။ ပညာရေး သဘောအရ ကလေးငယ်ကို ပညာစတင်သင်ယူစေရာ ပထမဌာနသည် မိဘနှစ်ပါးဦးစီး နေထိုင်သော မိသားစုနေအိမ်ဖြစ်သည်။ ကလေးငယ်သည်  မိဘနှစ်ပါး၊  ညီအစ်ကိုမောင်နှမများနှင့် မိသားစုအတွင်း နေထိုင်ကြီးပြင်းရသဖြင့် မိသားစု၏ နွေးထွေးမှု၊ ကြင်နာမှု၊ လုံခြုံမှုတို့ကို သင်ယူသိရှိနိုင်သည်။ အိမ်၌ ယဉ်ကျေးခြင်းသည် အလွန်အရေးကြီးသော အစကျင့်ဝတ်ဖြစ်သည်။ အိမ်၌ မိသားစုအချင်းချင်း မည်ကဲ့သို့ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ၍ ကူညီနေထိုင်တတ်ရမည်ကို  လက်တွေ့ကျကျ သင်ယူကျင့်ကြံရမည်ဖြစ်သည်။ အိမ်၌ ယဉ်ကျေးခြင်း သင်ခန်းစာပါ နီတိကျင့်ဝတ်များကို လမ်းညွှန်ပေးသည့်အတိုင်း လေ့ကျင့်သွားမည်ဆိုလျှင် မိသားစုပတ်ဝန်းကျင် အပေါ်ကောင်းမွန်စွာ ဆက်ဆံနေထိုင်တတ်သော လူငယ်များ ဖြစ်လာပေမည်။

ကလေးများ ကျောင်းသို့ရောက်ရှိသည့်အခါ ပညာစတင်သင်ယူနိုင်သည့် “ကျောင်း”ဟူသောနေရာဌာန၌ မည်သို့ယဉ်ကျေးစွာ လေ့ကျင့်နေထိုင်ရမည်ကို သင်ကြားပေးနိုင်သည်။ မိဘဆရာတို့ကို ရိုသေတတ်သောအကျင့်၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းအောင် ဆောင်ရွက်တတ်သည့် အကျင့်ကောင်းများ မျိုးစေ့ချပေးနိုင်သည်။ ထို့ပြင် လမ်း၌ယဉ်ကျေးခြင်း သင်ခန်းစာများမှ လမ်းသွားသည့်အခါ ယဉ်ယဉ်ကျေးကျေး ပြုမူဆောင်ရွက်တတ်ရန် လက်တွေ့လေ့ကျင့်မှုများစွာ လုပ်ပေးနိုင်သည်။

ထို့ကြောင့် ပြည်သူ့နီတိ၏ကျင့်ထုံးများသည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးမှု၊ ဝင်ဆံ့မှုရှိစေမည့် ကျင့်ထုံးများဖြစ်သည်။ လူတစ်ယောက်သည် အကျင့်စာရိတ္တ ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများလည်း ယဉ်ကျေးရန် လိုအပ်သည်။ ဤတွင် အကျင့်စာရိတ္တ ကောင်းမွန်ခြင်းနှင့် ကိုယ်နှုတ်အမူအရာယဉ်ကျေးခြင်းတို့မှာ မတူပေ။ အချို့လူများသည် ခေတ်ပညာ၊ အတန်းပညာတတ်၍ အကျင့်စာရိတ္တကောင်းမွန်သော်လည်း အပြောအဆို အမူအရာတို့၌ ယဉ်ကျေးမှု မရှိကြောင်း တွေ့ရသည်။

ထိုကဲ့သို့သောသူမျိုးသည် အပြောအဆို အမူအရာ မယဉ်ကျေးသဖြင့် လူမှုဝန်းကျင်တွင် အကျိုးရှိသင့်သလောက် မရှိရုံသာမက တစ်ခါတစ်ရံ အကျိုးပင်ယုတ်တတ်သည်။ ပညာအရည်အချင်း တူလင့်ကစား ယဉ်ကျေးစွာ ဆက်ဆံတတ်သူသည် ယဉ်ကျေးမှုမရှိသူထက် ဘဝအဆင့်အတန်း မြင့်မားသည့်အကျိုးများ ခံစားရသည့် သာဓကများစွာရှိသည်။  ယဉ်ကျေးမှုရှိခြင်း၊  မရှိခြင်းသည်  ဝမ်းတွင်းပါ မွေးရာပါ အရည်အချင်းတစ်ရပ်မဟုတ်ဘဲ ကိုယ်တိုင်သိအောင် လေ့လာပြီး ကိုယ်တိုင်လေ့ကျင့်ယူရသော အရာပင်ဖြစ်သည်။ သို့ဖြစ်ရာ အကျင့်စာရိတ္တနှင့် ဉာဏ်ပညာ ကောင်းမွန်သော လူတစ်ဦးသည် ယဉ်ကျေးခြင်းဟူသော ကောင်းမြတ်သည့် အရည်အချင်းတစ်ခု ထပ်မံပေါင်းစပ်လိုက်ပါက လူ့အဖိုးတန်တစ်ဦးဖြစ်လာမည်။

ကျောင်းများ၌  ယခင်က တွဲဖက်သင်ရိုးဝင် ဘာသာရပ်များတွင် ပြည်သူ့နီတိ သင်ခန်းစာများ ပြဋ္ဌာန်းပေးထားသော်လည်း မူလတန်း၊ အလယ်တန်းကျောင်းများကသာ သင်ကြားကြပြီး အချို့အထက်တန်းကျောင်းများသည် အတန်းအောင်ချက် မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ကာ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို အရေးတယူ မသင်တော့ဘဲ ထိုစာသင်ချိန်၌ သင်္ချာ၊ ဓာတု၊ ရူပ၊  အင်္ဂလိပ်စာဘာသာတို့ကို အစားထိုးသင်ကြားကြသည်။  ထို့ကြောင့်  ပြည်သူ့နီတိကို သိရှိပြုကျင့်သော လူမှုမျိုးဆက်များ ရှားပါးလာသည်ကို တွေ့ရသည်။ ထိုအခါ “ကျောင်းတွေမှာ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွေကို ကျကျနနမှ မသင်ခဲ့ကြရတာ” ဟု ဝေဖန်ထောက်ပြလာကြသည်။

ယခုအခါ  စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာနှင့်  ဂီတပန်းချီ ဘာသာရပ်များကို မသင်မနေရ ဘာသာရပ်များအဖြစ် ပြဋ္ဌာန်းပေးလိုက်ပါပြီ။ စနစ်တကျသင်ကြား လေ့ကျင့်ပေးခြင်းဖြင့်  ကျန်းမာကြံ့ခိုင်ပြီး    ယဉ်ကျေးလိမ္မာသောလူကောင်းလေးများ ဖြစ်ထွန်းလာမည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။ယခင်က အထက်တန်းတွင် ဘာသာရပ်(၈)တွဲရှိခဲ့သော်လည်း ယခုအခါတွင် အထက်တန်းဆင့်သင်ရိုးသစ်ကို ဘာသာတွဲ (၄) တွဲသာ အသစ်ပြဋ္ဌာန်းလိုက်ပါပြီ။ ယင်းသင်ရိုးသစ် ဘာသာတွဲ (၄) တွဲဖြစ်သော STEAMS-1 ၊ STEAMS-2 ၊ STEAMS-3၊ STEAMS-4 တို့တွင် ဘာသာတွဲတိုင်း၌ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ၊ ဂီတ၊ ပန်းချီတို့ကို ထည့်သွင်းပြဋ္ဌာန်းထားပါသည်။

ယနေ့နိုင်ငံ၏ ပညာရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ “ကျောင်းများ”ပင်ဖြစ်သည်။နိုင်ငံအင်အားကို ထုဆစ်ပုံဖော်ရာ၌ နံပါတ်တစ် အရေးကြီးဆုံးသူများမှာ ကျောင်းနေအရွယ် ကလေးများဖြစ်သည်။ ကလေးများသည် မူလစိတ်သန္တာန် ရိုးသားဖြူစင်ကြ၏။ ဖြောင့်မတ်ကြ၏။

ထိုသို့ဖြောင့်စင်းဖြူစင်သည့် ကလေးတို့ကို နိုင်ငံသားကောင်း၊ ပြည်သူပြည်သားကောင်းများ ဖြစ်လာအောင်ကျောင်းက လေ့ကျင့်သင်ကြားကာ ပြုစုပျိုးထောင်ပေးရသည်။  သို့ဖြင့်  ကလေးတို့သည် တစ်ဦးချင်း လုပ်ဆောင်မှု တိုးတက်လာမည်။ အုပ်စုဖွဲ့လုပ်ငန်းတို့၌လည်း တက်ညီလက်ညီ ဆောင်ရွက်နိုင်လာမည်။

သူတို့မိသားစုနှင့် သူတို့ပတ်ဝန်းကျင်တွင်လည်း ကြိုးစားပေါင်းသင်း ဆက်ဆံတတ်သူများ ဖြစ်လာမည်။ မိမိအတွက်၊ မိမိအသင်းအတွက်၊ မိမိကျောင်းအတွက်၊ မိမိရပ်ရွာအတွက်၊ မိမိမြို့နယ်အတွက်၊ မိမိနိုင်ငံနှင့်လူမျိုးအတွက် အားကိုးအားထားရမည့် ပြည်သူပြည်သားကောင်းများ ဖြစ်လာပေမည်။

ယနေ့နည်းပညာခေတ်တွင် နည်းပညာ တိုးတက်မှုနှင့် လူတို့၏နှလုံးလှ စိတ်ဓာတ်တို့သည် ခွေးသွားစိပ်ချင်း ထိစပ်ချိတ်ဆက်နေသော ပင်နယန်ဘီးကြီး နှစ်ဘီးနှင့် တူပေသည်။  တစ်ခုသည် ရှေ့ဘက်သို့လည်လျှင် အခြားတစ်ခုသည် နောက်ဘက်သို့လည်မည်ဖြစ်သည်။  အဓိပ္ပာယ်မှာ နည်းပညာ တိုးတက်နေသော တိုင်းပြည်များတွင်   လူငယ်များ၏   စာနာမှု၊ ကူညီရိုင်းပင်းမှု၊ ကြင်နာမှု၊ ယဉ်ကျေးမှု စိတ်ဓာတ်များ မှေးမှိန်နေတတ်သည်  ဟူ၍ဖြစ်သည်။ သို့သော် ထိုခွေးသွားစိပ်ဘီးကြီးနှစ်ခုကြားတွင် တတိယခွေးသွားစိပ် ဘီးငယ်တစ်ခုကို  ကြားခံချိတ်ဆက်ပေးလိုက်လျှင်  ခွေးသွားစိပ်ဘီးကြီးနှစ်ခု၏  လည်ပတ်မှုလားရာချင်း တူညီသွားသည်။ ထို့အတူ နည်းပညာ တိုးတက်မှုနှင့်  လူငယ်ထုကြားတွင်  ပြည်သူ့နီတိ  အသိအကျင့်များ လေ့ကျင့်သင်ကြား  ကြားခံပေးလိုက်လျှင် နိုင်ငံသားကောင်းများ၊ လူတော်လူကောင်းများ ဖြစ်လာကြပေမည်။

ယနေ့ ပြည်သူ့နီတိကို တတ်သိအောင် သင်ယူလေ့ကျင့်ထားသော ကျောင်းသား၊ ကျောင်းသူတို့သည်နောင်အခါ၌ ယဉ်ကျေးသိမ်မွေ့၍ အမှန်တရားကို မြတ်နိုးတတ်သူများ၊ ခွဲခြမ်းစိတ်ဖြာ၍ ဝေဖန်ပိုင်းခြားတတ်သည့် ဦးနှောက်နှင့် နှလုံးသားရှိသူများ ဖြစ်လာမည်။ သူတို့သည်  အနာဂတ်နိုင်ငံကို တင့်တယ်သာယာခြင်း အတိနှင့်ပြည့်စုံအောင် ဖန်တီးနိုင်ပေမည်။ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ဦးနှောက်နှင့် နှလုံးသားရှိမှသာလျှင်    မိမိအပေါ်၊ မိမိရပ်ရွာ၊   မိမိမြို့နယ်၊  မိမိနိုင်ငံတို့အပေါ် ကျရောက်လာမည့် အန္တရာယ်တို့ကို ရှောင်ကြဉ်နိုင်ပြီး သာယာသော လူ့ဘောင်ကို တည်ဆောက်နိုင်မည်။

ထိုသို့စွမ်းဆောင်နိုင်ရန်  ပြည်သူပြည်သားကောင်း၏ ကျင့်ထုံးစည်းကမ်းနှင့် နည်းလမ်းများဖြစ်သည့် ပြည်သူ့နီတိကျင့်ထုံးများကို သိရပါမည်။  နည်းလမ်းသိမှ လက်တွေ့ကျင့်သုံးနိုင်မည်။  လက်တွေ့ကျင့်သုံးနိုင်သော အခါ နိုင်ငံ၏ အနာဂတ်သည် ချွတ်ချော်တိမ်းပါးစရာ မရှိတော့ချေ။ ထိုအခါ တိုင်းပြည်နှင့်လူမျိုးလည်း ဖွံ့ဖြိုးတိုးတက်လျက် အစဉ်အေးချမ်းသာယာနေမည် ဖြစ်ပါသည်။  ။

ညွန့်ဝင်း(နတ်တလင်း)