သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၄

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်ဖြူမြို့ အစိုးရအဖွဲ့ရိပ်သာ ဘေးပတ်လည်ရှိ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် သာစည်ကျေးရွာ၊ ရွာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းပေးပြီး ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် သောက်သုံးရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

          ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် သည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဥယျာဉ်သာကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ပါဒလိတ် ကျေးရွာအနီး ရန်ကုန်-စစ်တွေသွား ကားလမ်းမကြီး ဘေးရှိလဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ၍ ရေချမ်းပြင် ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ မြို့သစ်တောင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ အမှိုက်ပုံများ၊ သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့များ က မြို့မရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။