COVID-19  ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ နိုဝင်ဘာ - ၅    
COVID-19  ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်ကောက် ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဂေါ်ဖီထုပ် ၆၀၀၀ ထုပ်ကို ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့်  ထပ်မံဝယ်ယူပေးခဲ့ကြောင်း သိရှိရ သည်။    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် အောင်ပန်းမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ ဒေသထွက် ရာသီသီးနှံဖြစ်သည့်  အာလူး ၃၀၀၀ ပိဿာ၊ ခရမ်းချဉ်သီး ၃၀၀၀ ပိဿာ၊ ဂေါ်ရခါးသီး ၁၅၀၀၀ လုံး၊ ဂေါ်ဖီထုပ် ၄၀၀၀ ထုပ်တို့ကို ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်တွင် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်များနှင့် အရပ်သားအစားခန့်ဝန်ထမ်းများ COVID-19  ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ေ၀ ပေးခဲ့ကြောင်း သတင်းရရှိသည်။