နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိမန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီပဓာနမဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဇွန် - ၁၅
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီးမဟာအောင်မြို့မြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီး ပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနအခမ်းအနားကျင်းပခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ အန္တိမဈာပန အခမ်းအနားကျင်းပခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နေ့လည်စာဖြင့် ဂုဏ်ပြုဧည့်ခံကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိကျောင်းသို့သွားရောက်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသတို့ကို ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု ငွေများဆက်ကပ်ပြီးနောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ် ပြတိုက် တည်ဆောက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ဩဝါဒများခံယူခဲ့ကြကြောင်း သတင်းရရှိသည်။