မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆီသို့(၂)
ယမန်နေ့မှအဆက်
ဒီလိုသဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများအဖြစ် ကြေညာပြီး မရှေးမနှောင်းမှာပဲ မေလ ၁၈ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်အမှတ် ၃၄/၂၀၂၃ ကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်ရဲ့ အကြောင်းအရာကတော့ ကြေညာခဲ့ပြီးတဲ့ သဘာဝဘေးဒဏ်သင့် ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီး သုံးဦး၊ ဗိုလ်ချုပ် သုံးဦး၊ ဗိုလ်မှူးချုပ် ၁၂ ဦးပါဝင်တဲ့ တပ်မတော်အရာရှိကြီးများ အဖွဲ့ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသအဖြစ် သတ်မှတ်ထားသော မြို့နယ် (၂၁) မြို့နယ်သို့ အဆိုပါဒေသမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ အနီးကပ်ကူညီပံ့ပိုး ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး အတွက် တာဝန်ခွဲဝေ စေလွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ထိုတပ်မတော်အရာရှိကြီးများရဲ့ အထက်မှာတော့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းအပြင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အနီးကပ်ကြီးကြပ် သွားဖို့ကိုလည်း အဆိုပါထုတ်ပြန်ချက်ထဲမှာ ပူးတွဲဖော်ပြထားပါတယ်။
အခုလိုမျိုး တပ်မတော်အရာရှိကြီးများကို မုန်တိုင်းဒဏ်သင့်ဒေသများဆီ စေလွှတ်ခြင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်၊ ကယ်ဆယ်ရေးပစ္စည်းများ ပြည်သူလူထုလက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိစေရန်၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များကို ကူညီနိုင်ရန် စေလွှတ်ခဲ့ခြင်းသာဖြစ်ပါတယ်။
အလားတူ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနဲ့အတူ မေ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်မြို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းများအပေါ် စီမံခန့်ခွဲမှုများ ဆောင်ရွက်ခဲ့ပါတယ်။
ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် ၎င်းဒေသရှိ တပ်ရင်း/တပ်ဖွဲ့များတွင်လည်း ထိခိုက် ပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး သည် မေ ၂၂ ရက်မှ ၂၄ ရက်အထိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့သို့
လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် မေ ၂၈ ရက်မှ ၃၀ ရက်အထိ စစ်တွေ၊ ကျောက်ဖြူမြို့တို့သို့ လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မေ ၂၀ ရက်မှ ၂၁ ရက်အထိ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ်တို့သို့ လည်းကောင်း သွားရောက်ပြီး အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြင်ဆင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံအားပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
ဒီအချက်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ အစိုးရအဖွဲ့က သဘာဝဘေးဒဏ်သင့် ဒေသများရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြီးစလွယ်ဆောင်ရွက်ခြင်းမရှိဘဲ နယ်ပယ်အစုံ မကျန်ရလေအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ခဲ့တယ်ဆိုတာကို မြင်တွေ့ရပါတယ်။
ကနဦးစာရင်းကောက်ယူရေး ကဏ္ဍ
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုရှိပါတယ်။ အဲဒါကတော့ ကနဦး လိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီရဲ့ အခန်းကဏ္ဍပါပဲ။
အဲဒီကော်မတီက သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုလျှော့ချနိုင်ရေး အစီအစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နဲ့ ချက်ချင်း၊ ကာလတို၊ ကာလလတ်နဲ့ ကာလရှည်စီမံကိန်းများ ရေးဆွဲနိုင်ရန်တို့အတွက် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေဖို့ ရည်ရွယ် ဖွဲ့စည်းထားတာပါ။
ကော်မတီက မုန်တိုင်းဝင်ရောက် တိုက်ခတ်မယ်ဆိုပြီး သတင်းအတိအကျ ရရှိတဲ့ မေလ ၉ ရက်ကတည်းက လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး ရွေ့လျားအဖွဲ့ ခုနစ်ဖွဲ့နဲ့ စာရင်းပြုစု အစီရင်ခံရေးအဖွဲ့ ၁၀ ဖွဲ့ကိုဖွဲ့စည်းကာ စစ်တွေ၊ ပုသိမ်၊ မကွေးနဲ့ ပဲခူးမြို့တို့ကို မုန်တိုင်းမဝင်မီ တစ်ရက်အလိုမှာ ရွေ့လျားအဖွဲ့များကို စေလွှတ်ခဲ့ပါတယ်။
အဲဒီအဖွဲ့များဟာ ကောက်ယူရရှိတဲ့ အချက်အလက်များမှ ပညာရေး၊ ကျန်းမာရေးနဲ့ သာသနိက အဆောက်အအုံများ အတွက်လိုအပ်တဲ့ သွပ်၊ သံ၊ သစ်အရေအတွက်နဲ့ တန်ဖိုးများ စာရင်း၊ ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်တိုင်၊ ဆက်သွယ်ရေး တာဝါတိုင်များစာရင်းနဲ့ သေကျေ ပျက်စီးသွားတဲ့ တိရစ္ဆာန်များ၊ ငါးကန်၊ ပုစွန်ကန်များ ပျက်စီးမှုစာရင်း၊ အခြေခံအဆောက်အဦ၊ ပိုင်ဆိုင်မှုပစ္စည်း (ကား၊ ဆိုင်ကယ်၊ စက်ဘီးစသည်ဖြင့်) ပျက်စီးမှု စာရင်းနဲ့ လယ်ယာ၊ သားငါးကဏ္ဍတို့ရဲ့ ပျက်စီးမှုစာရင်းများကို ပြုစုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန(DMC) သို့နေ့စဉ် တင်ပြခဲ့ပါတယ်။
စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ဟာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို နှစ်ကြိမ်ကောက်ခံခဲ့ပြီး အထက်မှာ ဖော်ပြခဲ့တဲ့စာရင်းများက ဒုတိယအကြိမ် စနစ်တကျကောက်ခံ ရရှိသောစာရင်းများဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နဲ့တစ်ပြေးညီ တင်ပြခဲ့ကြတာပါ။
အခုဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများကို ကဏ္ဍအလိုက်ခွဲပြီး ဖော်ပြသွားပါမယ်။
ပညာရေးကဏ္ဍအတွက် ဆောင်ရွက်မှု
နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဟာ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် အထူးပဲ အရေးကြီးလှပါတယ်။ ပညာတတ်တွေပေါများမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ။
ဒီအချက်ကို နိုင်ငံတော် အကြီးအကဲများက ကောင်းစွာ သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရေး” မူဝါဒကို အလေးထားပြီး ချမှတ်ဆောင်ရွက်ခဲ့တာပါ။
ဒီနှစ်ဆိုရင် ဇွန်လ ၁ ရက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကျောင်းများ ဖွင့်လှစ်ဖို့ သတ်မှတ်ထားတာပါ။ ကလေးငယ်များ ပျော်ရွှင်စွာ စာသင်ယူနိုင်ရေး ဆိုတာကလည်း သင်ကြားရေး လုပ်ငန်းကို အမိုးအကာအောက်မှာသာ ဆောင်ရွက်နိုင်မှဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ}” ဝင်ရောက် တိုက်ခတ်သွားချိန်မှာတော့ ပညာရေးဆိုင်ရာ အဆောက်အအုံများလည်း ပျက်စီးသွားခဲ့ရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်သွားချိန်မှာ မိဘများနဲ့ကျောင်းသားများ အထူး အစိုးရိမ်ဆုံးကိစ္စကတော့ စာသင်ကျောင်းများ အချိန်မီပြန်မဖွင့်နိုင်မှာကိုပါပဲ။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲလေ။ ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်တွေက နည်းမှမနည်းဘဲ။
ပညာရေးအဆောက်အအုံတွေ ပျက်စီးမှု အရေအတွက်ကတော့ ဇွန်လ ၁၃ ရက်အထိ ကောက်ယူရရှိတဲ့ စာရင်းများအရ ရခိုင်ပြည်နယ်မှာ မူလတန်းကျောင်း အဆောက်အအုံ ၅၉၆ လုံး၊ အလယ်တန်းကျောင်း အဆောက်အအုံ ၆၄၇ လုံး၊ အထက်တန်းကျောင်း အဆောက်အအုံ ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း အဆောက်အအုံ ကိုးလုံးဖြစ်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာတော့ ပညာရေး အဆောက်အအုံ စုစုပေါင်း ၂၉ လုံးပျက်စီးသွားပါတယ်။
ဒီလိုပျက်စီးသွားတဲ့ စာသင်ကျောင်းများဟာ အနာဂတ်ခေါင်းဆောင်လောင်းများ ပညာသင်ယူရာနေရာများ ဖြစ်တာကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်များမှ ကြီးကြပ်ရေးအဖွဲ့များဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး စာသင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်မှုများကို ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပါတယ်။
အထူးသဖြင့် ကျောင်းဖွင့်ချိန်အမီ အမြန်ပြုပြင်ဆောင်ရွက်ရန် လိုအပ်တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၂၉၅ ကျောင်းကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းနဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာ အဖွဲ့များက တာဝန်ကိုယ်စီခွဲဝေရယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်အထိ ၅၁ ရာခိုင်နှုန်း ပြီးစီးခဲ့ကာ ဇွန်လ ၁၄ ရက်အရောက် မှာတော့ ၇၆ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဇွန်လ ၁ ရက်ရောက်ချိန်မှာ ပြင်ဆင်ဆောက်လုပ်ပြီးစီးသွားတဲ့ စာသင်ကျောင်းများမှာ ကျောင်းသားများက ပျော်ရွှင်စွာကျောင်းတက်လာကြသလို ပြုပြင်ဆဲနေရာများမှာ ကျောင်းတက်ရမယ့်သူများကိုလည်း အမိုးအကာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများနဲ့ အမိုးအကာရှိတဲ့ အဆောက်အအုံများမှာ ယာယီကျောင်းတက်နိုင်အောင် တာဝန်ရှိသူများက စီမံပေးနိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ အမိုးအကာမရှိတဲ့အပြင် စာသင်ကျောင်းကလည်း ပြင်ဆင်ဆဲ နေရာများမှာရှိတဲ့ ကျောင်းသားများအနေနဲ့ အချိန်မီကျောင်းတက်နိုင်ရေး အတွက် တာဝန်ရှိသူများက ယာယီအဆောက်အအုံများကို ပြင်ဆင်ဆောင်ရွက် ပေးခဲ့ပါသေးတယ်။
ဒါကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှု ရာခိုင်နှုန်းက ရာနှုန်းပြည့်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားပါဘူး။
နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကြိုးစား အားထုတ်မှုများကြောင့် ဇွန်လ ၁ ရက်မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ တက်ရောက်သူစုစုပေါင်း ၄ သိန်းကျော် အထိရှိခဲ့တာကို ဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။
အခုဆိုရင် ဇွန်လ ၁၄ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများမှာ ကျောင်းအပ်နှံမှု ပမာဏက ၄၉၂၀၁၇ ဦးအထိရှိလာပြီး ကျောင်းတက်ရောက်ရာခိုင်နှုန်းက ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိတာကိုလည်း တွေ့ရပါတယ်။
မုန်တိုင်းတိုက်ချိန်နဲ့ စာသင်ကျောင်းများ ပြန်ဖွင့်မယ့်အချိန်ကြားမှာ ပြန်လည်ပြင်ဆင် တည်ဆောက်ရေးလုပ်ငန်း အတွက်ရတဲ့အချိန်က အလွန်ပဲတိုတောင်းလှပါတယ်။ ဒါကြောင့်လည်း ကျောင်းသားများအတွက် ကျောင်းမှဖွင့်နိုင်ပါ့မလားလို့ မိဘများက စိုးရိမ်ခဲ့ကြတာပါ။
အခုတော့ အဲဒီအချိန်တုန်းကဖြစ်ပေါ်ခဲ့တဲ့ မိဘများနဲ့ ကျောင်းသားများရဲ့ရင်ထဲက စိုးရိမ်ကြောင့်ကြမှုကြီးကို နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုကြောင့် ပြည်သူလူထုအားနဲ့ ဖယ်ရှား တွန်းလှန်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ကျန်းမာရေးကဏ္ဍ
နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကဏ္ဍပြီးရင် ကျန်းမာရေးကဏ္ဍကလည်း အလွန်အရေးကြီးတဲ့ အထဲမှာ ပါပါတယ်။ လူတစ်ယောက်ကျန်းမာရေး မကောင်းရင် အိမ်သားတွေ စိတ်မချမ်းမသာ ဖြစ်ရသလို ငွေကုန်ကြေးကျမှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်ပေါ်ကာ ကုန်ထုတ်လုပ်မှုလည်း လျော့နည်းကျဆင်းစေပါတယ်။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးပြီးရင် ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နေတာပါ။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကာလတုန်းကဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ် ခဲ့တဲ့ မူဝါဒကသိပ်ကို ရှင်းလင်းပြတ်သားပါတယ်။ အဲဒီမူဝါဒကတော့ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုတဲ့ မူဝါဒပါပဲ။
အခုလည်း မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ မုန်တိုင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုများကို တင်ပြပေးသွားပါမယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ၅၀၇ လုံးရှိပါတယ်။ ဒီထဲမှာမှ ဇွန်လ ၁၄ ရက်အထိ ပြန်လည်ပြင်ဆင် တည်ဆောက်ရေး လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။
ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရေး လုပ်ဆောင် ပေးနေသူတွေကတော့ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းနဲ့ အဆောက်အဦ ဦးစီးဌာနတို့ပါပဲ။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများအဖြစ် Disaster Kits အခု ၂၂၀ ၊ IHEK Kits ၁၁၄ ခု၊ Hygiene Kits အခု ၁၀၀၊ ရေသန့်ဆေးပြား ၂၂၂၈၀၀၀၊ ဓာတ်ဆားထုပ် ၁၄၇၀၀၀ ထုပ်၊ အားဆေး ၅၁၅၀၀၀၀ ပြား၊ Life straw community water filter အလုံး ၂၀ ၊ အသက်ကယ်အင်္ကျီ အခု ၇၀၀၊ Emergency Lightအခု ၉၀၀ နဲ့ အိမ်သာခွက်နဲ့ အိမ်သာပိုက် အခု ၃၀၀၀ အစရှိတဲ့ ဆေးနဲ့ဆေးပစ္စည်းများကို ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနဲ့ ပြည်သူလူထုအား ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။
စစ်တွေမြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများနဲ့ ပတ်သက်ပြီး ပြင်ဆင်ရန် ၅၃ လုံးရှိသည့်အနက်မှ ၁၈.၅.၂၀၂၃ မှ ၃.၆.၂၀၂၃ အထိ ပြင်ဆင်ပြီး ၁၆ လုံး၊ ပြင်ဆင်ဆဲ ၂၉ လုံးနဲ့ ပြင်ဆင်ရန်ကျန် ရှစ်လုံးရှိပါတယ်။
လက်ရှိမှာကိုပဲ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများမှာ ဆေးရုံလုပ်ငန်းများ ပုံမှန်လည်ပတ်လျက် ရှိပြီး ခွဲစိတ်ကုသမှု လုပ်ငန်းများ၊ ပြင်ပလူနာ၊ အတွင်းလူနာများကို လက်ခံကုသပေးခြင်းများကိုလည်း ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။
အခုဆိုရင် မုန်တိုင်းစတင် တိုက်ခတ်တဲ့ မေလ ၁၄ ရက်မှ ဇွန်လ ၁၄ ရက်အထိ ပြင်ပ လူနာ ၁၈၉၃၄ ဦး၊ အတွင်းလူနာစုစုပေါင်း ၃၅၀၁၄ ဦး၊ ဆေးရုံတက် လူနာအသစ် ၁၃၇၁၇ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူများအား ကျေးရွာအရောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ ၁၄ ဖွဲ့၊ အထူးကုဆေးအဖွဲ့ ကိုးဖွဲ့၊ ဆေးကုသရေးအဖွဲ့နှစ်ဖွဲ့နဲ့ တိုင်းရင်းဆေးကုသမှုအဖွဲ့တို့ကို စေလွှတ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ရာ မေလ ၁၆ ရက်မှ ဇွန်လ ၁၄ ရက်အထိ ပြင်ပလူနာ ၈၀၂၁၃ ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
အလားတူ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိတဲ့ တပ်မတော်သား ဆရာဝန်များ၊ ဆေးမှူးများဟာလည်း သဘာဝဘေးဒဏ် သင့်ခဲ့ရတဲ့ ဒေသတွေမှာ သွားရောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ခဲ့ရာမှာ တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်မှုအရ သဘာဝဘေးဒဏ် မကျရောက်မီကတည်းက ကြိုတင်စုဖွဲ့စေလွှတ်ထားတဲ့ ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ရှိ တပ်မတော်သား ကျန်းမာရေးဝန်ထမ်း အစုအဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ခံ ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့ အထူးဆေးကုသရေးအဖွဲ့တို့ဟာ သဘာဝဘေးဒဏ် ကျရောက်ပြီးလျှင် ပြီးချင်းမှာပင် ရပ်ကွက်၊ ကျေးရွာများဆီ အရောက်သွားပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။
အခုလိုကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရာမှာ မေလ ၁၇ ရက်ကနေ ဇွန်လ ၁၄ ရက်အထိ စုစုပေါင်း ဒေသခံ ပြည်သူ ၁၄၆၃၁ ဦးကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေးရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ ထိခိုက်ဒဏ်ရာနဲ့ အခြားရောဂါ တို့နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်။
ကျန်းမာရေး တာဝန်ရှိသူများက ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအနေနဲ့ မုန်တိုင်းကျ ရောက်ပြီးပါက ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှု မရှိစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း ရေတွင်းရေကန်ပေါင်း ၅၀၄၈ ခုမှာ ကလိုရင်းဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အတွက် အဘိတ်ဆေးခတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကျန်းမာရေးတာဝန်ရှိသူများက အခုလိုမျိုးတွေဆောင်ရွက်ပေးနေတဲ့ကြားထဲက ဝမ်းပျက်ဝမ်းလျှောရောဂါက ဖြစ်ဖြစ်အောင် ဖြစ်လိုက်ပါသေးတယ်။ အကြောင်းရင်းကတော့ တာဝန်ရှိသူတွေရဲ့ သတိပေးချက်များကို လျစ်လျူရှုခြင်းကြောင့်လို့ ပြောရမှာပါပဲ။
ဒီကာလဟာ သရက်သီးပေါ်ချိန်ဖြစ်တဲ့အတွက် မုန်တိုင်းသင့်ဒေသမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ သရက်သီးကို စားသုံးခြင်းမပြုဖို့ တာဝန်ရှိသူတွေက အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
တာဝန်ရှိသူတွေရဲ့ သတိပေးမှုကို ပြည်သူအများအပြားက လိုက်နာသော်လည်း မလိုက်နာသူ လူနည်းစုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့တာ တွေ့ရပတယ်။
ဒါပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ရောဂါများ ဖြစ်ပွားလာပါက အလျင်အမြန် သိရှိစေရေးအတွက် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုစနစ်ကို ဆောင်ရွက်လျက်ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ရောဂါအသွင်ဖြစ်ပွားမှု မရှိခဲ့တာဟာ ဝမ်းမြောက်ဖွယ်ရာပါပဲ။
ဆက်လက်ဖော်ပြပါမည်။