ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်  နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ဆက်လက်ကပြသီဆိ

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်  နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ဆက်လက်ကပြသီဆိုဖျော်ဖြေ

နေပြည်တော်၊ ဇွန် - ၁၆

          ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်း နွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ရှိ နယ်မြေခံရဲတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက  အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

          ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊  ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာ ယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာအသိပညာပေး အစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/ စစ်သမီးများအား တာဝန်ရှိသူများက ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။