ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက် များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နှင့် တာဝန်ရှိသူများသည် ဒပြုချောင်း ကျေးရွာအုပ်စု၊ ဒပြုချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးကြပြီး မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ ဒေသခံ ပြည်သူများနှင့် ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ၍ မုန်တိုင်း သင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် အောင်သူဦးနှင့် တာဝန်ရှိသူများသည် မဟာကကြီးသျှင် ဘုရားကြီးပရဝုဏ်အတွင်းရှိ မေတ္တာဥယျာဥ် ပညာဒါန ပရဟိတကျောင်း ဆရာတော် မဟာပရဟိတဓရ ဘဒ္ဒန္တနန္ဒာစာရအား သွားရောက်ဖူးမြော်ပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း​​​ခဲ့ကြောင်း သတင်းရရှိသည်။