မိုခါအလွန် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၃)

မိုခါအလွန် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၃)

ယမန်နေ့မှအဆက်

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မေလ ၁၆ ရက်နောက်ပိုင်း သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် လာရောက် ပြသသူ ၈၁၅ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသရသူ ၁၁ ဦးသာရှိပါတယ်။ ကျန်းမာရေးကဏ္ဍနဲ့ ဆက်စပ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုလည်း ပြောပြချင်ပါသေး တယ်။

လူသားတိုင်းအတွက် သောက်သုံးရေက အရေးကြီးတဲ့အလျောက် မုန်တိုင်းတိုက်ခတ်ပြီဆိုရင် သောက်သုံးရေကန်များသည်လည်း အမှိုက်များ၊ အပင်များ၊ တိရစ္ဆာန်အသေကောင်များကျရောက်ပြီး ပျက်စီးသွားလေ့ရှိပါတယ်။

ဒီလိုအခြေအနေတွေကနေ သောက်သုံးရေကန်တွေကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသူ ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနပါပဲ။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများဟာ ရခိုင်ပြည်နယ်အတွင်းရှိ သောက်သုံးရေကန်စုစုပေါင်း ၂၂၀ ထဲမှာကျရောက်နေတဲ့ အမှိုက်များ၊ သစ်ပင်ကြီးများ၊ တိရစ္ဆာန်အသေကောင်များ ဖယ်ရှား ရှင်းလင်းပေးခြင်း  လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် နောင်မှာအလားတူဖြစ်စဉ်မျိုး မဖြစ်ရလေအောင် ကန်ပေါင်များကိုလည်း အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးခဲ့ပါသေးတယ်။

နောက်တစ်ခုက သောက်ရေ၊ သုံးရေလိုအပ်ချက်ကို တပ်မတော်နဲ့အရပ်ဘက်တို့မှ ရေသန့်ယာဉ်များ၊ ရွေ့လျားရေသန့်စက်များဖြင့် ဖြန့်ဖြူးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ခဲ့သလို သုံးရေအတွက်လည်း ရေကားများဖြင့် ပို့ဆောင်ပေးခဲ့တာတွေ့ရပါတယ်။

ရေသန့်ထုတ်ယူ ဖြန့်ဖြူးပေးနိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရေသန့်စင် ကား ၆ စီးဖြင့် တစ်နာရီလျှင် ရေသန့်စင်နှုန်း ဂါလန် ၅၀၀ မှ ၉၀၀ ကြား ထုတ်ယူဖြန့်ဖြူးပေးလျက်ရှိရာ ဇွန်လ ၁ ရက်အထိ စုစုပေါင်း ရေသန့် ၃၀၄၉၁၉ ဂါလန်ကို ထုတ်ယူဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ တစ်ချိန် တည်းမှာ တပ်မတော်က စေလွှတ်ပေးထားတဲ့ တစ်နာရီလျှင် ဂါလန် ၈၈၀ သန့်စင်ပေးနိုင်သည့် မော်တော် ယာဉ် ၃ စီး၊ ဂါလန် ၅၀၀ သန့်စင်ပေးနိုင်တဲ့  ယာဉ် ၂ စီး၊ ဂါလန် ၄၀၀ သန့်စင်ပေးနိုင်တဲ့ ယာဉ် ၁ စီး  စုစုပေါင်းယာဉ် ၆ စီးနဲ့ သောက်သုံးရေကို စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့တို့မှာ သန့်စင်ဖြန့်ဝေပေးနေပါတယ်။

ဒါ့အပြင် ရေသန့်ထွက်ရှိနှုန်း တစ်နာရီလျှင် ဂါလန် ၂၀၀ မှ ၃၀၀ ကြားရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားရေသန့်စင်စနစ် ၃ စုံ အသုံးပြုပြီး မေလ ၂၈ ရက်မှစတင်၍ ရေသန့်ဖြန့်ဝေခဲ့ရာ ဇွန်လ ၁ ရက် အထိ စုစုပေါင်းရေသန့်ဂါလန် ၂၆၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။

အဲဒီရေသန့်စက်တွေထဲကမှ Life Straw ရေသန့်စင်စက်တွေဆိုရင် လျှပ်စစ်ဓာတ်အား အသုံးပြုရန် မလိုဘဲ ရွှေ့ပြောင်းသယ်ယူအသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီစက်တွေက ချောင်းအတွင်းမှ သဘာဝရေကိုပင် ကောင်းစွာသန့်စင်ပေးနိုင်ပြီး ကြည်လင်သန့်ရှင်းတဲ့သောက်သုံးရေကို တစ်နာရီလျှင် ၁၅ လီတာမှ လီတာ ၂၀ အထိထုတ်ပေးနိုင်တာကြောင့် စက်တစ်လုံးတည်းနဲ့တင် တစ်ရက်ကို လူဦးရေ ၁၀၀ အတွက် သောက်သုံးရေလုံလောက်စွာ ထုတ်ပေးနိုင်စွမ်းရှိတာကိုလည်း တွေ့ရပါတယ်။  လက်ရှိမှာ တော့   အဲဒီရေသန့်စနစ်အလုံး ၂၁၀ ကို  အသုံးပြုလျက်ရှိပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီးနောက် အစိုးရနဲ့တာဝန်ရှိသူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ပြည်သူတစ်ယောက်အနေနဲ့ကြည့်ရင် အပြစ်ဆိုဖွယ်ရာမရှိအောင် အားရကျေနပ်မိပါတယ်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍ

လူသားများအတွက် အရေးကြီးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ကိုလည်း နိုင်ငံတော် အစိုးရနဲ့ တာဝန်ရှိသူများကမေ့လျော့ထားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့တာကိုတွေ့ရမှာပါ။

အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် စိုက်ပျိုးရေးလုပ်ငန်းသုံးကျွဲ၊ နွားများအပြင် မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ ကောက်ယူရရှိခဲ့တဲ့ စာရင်းများအရ သေဆုံးသွားတဲ့တိရစ္ဆာန် အကောင်ရေများက ကျွဲ ၄၅၃၆ ကောင်၊ နွား ၁၀၆၁၃ ကောင်၊ ဝက် ၃၀၇၅ ကောင်၊ ကြက် ၁၄၇၇၅၂ ကောင်၊ ဘဲ ၉၁၉၄ ကောင်၊ ဆိတ်၊ သိုး၊ ငုံး အပါအဝင် အခြားတိရစ္ဆာန် ၂၇၅၃ ကောင်ရှိတယ်လို့သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှ ခိုင်းကျွဲတစ်ကောင်လျှင် ၁၅ သိန်းနှုန်းနဲ့ ကျွဲကောင်ရေ ၁၁၆ ကောင်ကို ကနဦးဝယ်ယူဖြည့်တင်းပေးသွားဖို့စီစဉ်ထားပါတယ်။

ဒါ့အပြင် ဒီခေတ်ဒီကာလဟာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလာတဲ့ ခေတ်ဖြစ် တာကြောင့် စပါးစိုက်ပျိုးနိုင်ရန် လယ်ထွန်ဖို့အတွက် ထွန်စက်များလိုအပ်ပါတယ်။

ဒီအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ တာဝန်ရှိသူများက လယ်ထွန်စက်များကို ပေးပို့ခဲ့ရာ စက်မှုလယ်ယာဌာနမှ လယ်ထွန်စက် ၃၃ စီးက ဇွန် ၁ ရက်မှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာ ယခင်ကျန်ရှိတဲ့ ထွန်စက် ၄၇ စီးနဲ့ပေါင်းလိုက်ရင် စုစုပေါင်းထွန်စက် အစီး ၈၀ အထိ ရှိလာပါပြီ။ လယ်ထွန်စက် ၁ စီးရဲ့ လုပ်ဆောင် နိုင်စွမ်းက တစ်ရာသီမှာအနည်းဆုံး လယ်ဧက ၂၂၀ ကို ထွန်ယက်ပေးနိုင်မှာဖြစ်လို့  စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့မှာရှိတဲ့ လယ်များအတွက် ထွန်ယက်ခြင်း လုပ်ငန်းအပေါ်   အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုက လယ်မြေတွေထဲကို ပင်လယ်ရေငန်တွေ မဝင်ရောက်နိုင်အောင် တားဆီးကာကွယ်ပေး ထားတဲ့ ရေငန်တားတာများ ကျိုးပေါက်မှု အခြေအနေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ရေငန်တားတာ ၃၂ ခုရှိတဲ့အနက် ရေကျော်တိုက်စားခြင်းနဲ့ ကျိုးပေါက်ခြင်းဖြစ်ပေါ်ခဲ့တဲ့ ရေငန်တားတာ ၄ ခုရှိပါတယ်။

အဲဒီရေငန်တားတာ ၄ ခုကို စက်ယန္တရား ၁၇ စီးဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အခုဆိုရင် တာ ၄ ခုစလုံး ၁၀၀ ရာခိုင်နှုန်း ပြန်လည်ကောင်းမွန်သွားပါပြီ။

ကျိုးပေါက်လို့ ပြန်လည်ပြင်ဆင်ပေးလိုက်ရတဲ့ ရေငန်တားတာ ၄ ခုရဲ့အရှည်စုစုပေါင်းက မိုင်ပေါင်း ၄၄ ဒသမ ၇၂ မိုင်ဖြစ်ပြီး ရေငန်ကာကွယ်ပေးနိုင်တဲ့ဧရိယာက ၁၇၇၀၆ ဧကရှိပါတယ်။

အသားတိုးကြက်နဲ့ ဥစားကြက်မျိုးများကိုတော့ ရန်ကုန်နဲ့တောင်ကြီးမြို့တို့မှ ဝယ်ယူဖြည့်တင်းသွားမှာ ဖြစ်သလို ဝက်မျိုးများကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတို့ကနေ ဝယ်ယူဖြည့်တင်းပေးသွားမှာပါ။

ဒါ့အပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများပါဝင်တဲ့ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့နဲ့ မုန်တိုင်းဒဏ်သင့်ဒေသများမှ သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ဆေးကုသမှု လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

ဒီလိုကွင်းဆင်းဆောင်ရွက်ရာမှာ မေလ ၂၁ ရက်မှ ၃၁ ရက်အထိ ကျွဲ၊ နွား ၃၂၄၃ ကောင်ကို လည်ချောင်း ကွဲရောဂါနဲ့ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများထိုးခြင်း၊ ဝက်အကောင် ၆၀ ကို ဝက်ပလိပ် ရောဂါနဲ့ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများထိုးခြင်းတို့အပြင်  ထိခိုက်ဒဏ်ရာရပြီး နာမကျန်းဖြစ် နေတဲ့ ကျွဲ၊ နွား ၅၆၇ ကောင်၊ ဝက် ၆၉ ကောင်နဲ့ ဆိတ် ၁၀ ကောင်တို့ကို  ဆေးကုသမှုဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ငါးကန်များ ပျက်စီးမှုမရှိဘဲ  ပုစွန်မွေးမြူရေးကန် ၃၉၁၉၅ ဒသမ ၅၉ ဧကနဲ့ ကဏန်းမွေးမြူရေးကန် ၂၁၈ ဒသမ ၂၈ ဧကပျက်စီးကာ ကျပ်သန်းပေါင်း ၁၃၆၁၈ ဒသမ ၈၁ သန်း ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပုစွန်သားဖောက်စခန်း ၃ ခုရှိပြီး အဲဒီကနေ ပုစွန်သားပေါက်များကို ပံ့ပိုးပေးသွား နိုင်ပါတယ်။ ပျက်စီးသွားတဲ့ ကဏန်းကန်တွေကလည်း သဘာဝမှတစ်ဆင့် စုဆောင်းရရှိတဲ့ ကဏန်းများ ကို ကဏန်းပျော့အဖြစ်မွေးမြူတဲ့ ကန်တွေဖြစ်တာကြောင့် အခုဆိုရင် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်း တွေကို လုပ်ဆောင်နေပါပြီ။

အခုလိုမျိုး မုန်တိုင်းဝင်ရောက်လို့ လယ်ယာမြေများ ပျက်စီးသွားတဲ့အတွက် အဲဒီဒေသတွေမှာ နေထိုင်သူတွေ ထမင်းငတ်တော့မှာပဲလို့ မထင်လိုက်ပါနဲ့။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြည်သူတွေတစ်ယောက်မှ ထမင်းမငတ်အောင် ကြိုတင်စီစဉ် ဆောင်ရွက်ပေးထားတာကို တွေ့ရပါတယ်။

စားသုံးသူရေးရာဦးစီးဌာနက နိုင်ငံတော်အရန်ဆန်တန်ချိန် ၁၀၀၀၀ (ဆန်အိတ် ၂ သိန်း)ကို အမြန်ဆုံး ဝယ်ယူ စုဆောင်းထားရှိခဲ့ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာနက မုန်တိုင်းဝင်ရောက်ပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းများမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ပေးနိုင်စေရေး အတွက် ဆန်အရန်ရိက္ခာ ၄၆၀၆၀ တင်း၊  မျိုးစပါး ၁၀၄၄၃၈ တင်း၊ သီးနှံမျိုးစေ့၊ နေကြာ၊ ပဲတီစိမ်း၊ နှမ်း စုစုပေါင်း ၅၅၇၂၀ တင်း၊ ဝါ ၁၂၀၀၀၀ ပိဿာ၊ ဓာတ်မြေသြဇာ ၄၂၈၀၀ အိတ်၊ သီးနှံသိုလှောင်ရုံ ၁၅၃ ရုံ ပြင်ဆင်ထားခဲ့ပါတယ်။

ဒါကြောင့် စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်လာရင် ပြည်သူတစ်ဦးတစ်ယောက်မျှ ထမင်း မငတ်စေရဘူး ဆိုတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့စေတနာကို အခုလိုအချိန်မှာ သိသိသာသာ မြင်တွေ့ လိုက်ရတာဟာ ကျွန်တော့်အတွက်တော့ နှလုံးပီတိ ဂွမ်းဆီထိဆိုသလိုပါပဲ။

ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသခံ ပြည်သူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ စားသောက်ရေး အဆင်ပြေစေရေးနဲ့ မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစား သောက်နိုင်ရေးတို့အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနဲ့ တာဝန်ရှိသူ တွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံလူသုံးကုန် ပစ္စည်းများ၊ တပ်မတော်စက်ရုံများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကွတ်နဲ့ စည်သွတ်ဘူးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ စားကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးခဲ့ပါသေးတယ်။

ဒီလိုရောင်းချ ပေးခြင်းကြောင့် ဒေသခံပြည်သူများနဲ့ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူခဲ့ကြတဲ့အပြင် အခုလိုစားရေး၊ သောက်ရေးအခက်အခဲဖြစ်ပေါ်နေတဲ့အချိန်မှာ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးမှုအပေါ် ကျေးဇူးအထူးတင်ကြတယ်လို့လည်း သိရပါတယ်။

အဲဒီလိုရောင်းချပေးမှုကနေ မေလ ၂၁ ရက်မှ ဇွန်လ ၄ ရက်အထိ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၄၃၃ သိန်းကျော် တန်ဖိုးရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ အခြေခံ လူသုံးကုန်ပစ္စည်းတွေ၊ ပြန်လည် ထူထောင်ရေး    အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပေးနိုင်ခဲ့ပါတယ်။

ဒီငွေကြေးပမာဏကို ကြည့်မယ်ဆိုရင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် များစွာသော သက်သာမှုဖြစ်ပေါ်စေခဲ့တယ် ဆိုတာကို အတိုင်းသားမြင်တွေ့နိုင်မှာပါ။

ဆက်သွယ်ရေးကဏ္ဍ

မုန်တိုင်းတိုက်ခတ်ချိန်နဲ့ မုန်တိုင်းတိုက်ခတ်ပြီးနောက် အရေးအကြီးဆုံးလိုအပ်ချက် တစ်ခုကတော့ ဆက်သွယ်ရေးပဲဖြစ်ပါတယ်။ ဆက်သွယ်ရေးကောင်းမှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နဲ့ တစ်ပြေးညီလုပ်နိုင်မှာပါ။

ဆက်သွယ်ရေးမကောင်းရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီမလုပ်နိုင်တဲ့အတွက် လူသေဆုံးမှုနှုန်းလည်း မြင့်တက်လာနိုင်ပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့မှာရှိတဲ့ မီတာ ၁၀၀ အမြင့်ရှိ ထပ်ဆင့်လွှင့် ဆက်သွယ်ရေး တာဝါတိုင်ကြီးတစ်တိုင် လဲကျသွားတဲ့ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်ကနေတွေ့လိုက်ရပါတယ်။

ဒါဟာ အွန်လိုင်းပေါ်မှာ မြင်တွေ့လိုက်ရတဲ့ ဗီဒီယိုပဲရှိပါသေးတယ်။ အွန်လိုင်းပေါ် မတက်လာဘဲ လဲကျသွားတဲ့ ဆက်သွယ်ရေး တာဝါတိုင်ကြီးတွေလည်း ရှိပါတယ်။ စစ်တွေမြို့ပေါ်မှာပဲ မီတာ ၆၀ အမြင့်ရှိတဲ့ ရုပ်သံထပ်ဆင့်လွှင့်စက် တာဝါတိုင်ဟာလည်း ပြိုလဲခဲ့ရလို့ ဆက်သွယ်မှုရော ရုပ်မြင်သံကြား ပါ ပြတ်တောက်ခဲ့ရပါတယ်။  နောက်ပြီး ရခိုင်ပြည်နယ်အတွင်း  ဆက်သွယ်ရေးအော်ပရေတာ   ၄ ခုရဲ့  မိုဘိုင်းစခန်း ၁၂၃၃ ခုရှိတဲ့အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခု ဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး စခန်း ၃၂၉ ခုနဲ့သာ ဝန်ဆောင်မှုပေးခဲ့နိုင်ပါတယ်။

ဒီနေရာမှာ ဆက်သွယ်ရေးပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများရဲ့ စွမ်းဆောင်ရည်က အံ့မခန်း လောက် စရာပါပဲ။ ဘာကြောင့်လဲဆိုရင် နေ့လယ်ပိုင်းမှာ မုန်တိုင်းဝင်သွားတယ်။ ညနေပိုင်းကျတော့ ဆက်သွယ်ရေးရအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက်ပါပဲ။

အထူးသဖြင့် Satellite Terminal (B2B) များကို စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့တို့အပြင် ချင်းပြည်နယ်တို့ကိုပါ ပို့ဆောင်တပ်ဆင်စေပြီး တစ်မြို့ လျှင် ဖုန်းလိုင်း ၄ လိုင်းဖြင့် ဆက်သွယ်ခေါ်ဆိုရရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါတင်မက သေးပါဘူး။ ရွေ့လျားမိုဘိုင်းယာဉ် ၅ စီးကို မုန်တိုင်းဝင်ရောက်မယ့်ဒေသ တွေမှာ ကြိုတင်ပို့ဆောင် ထားခဲ့တဲ့အတွက် မုန်တိုင်းဝင်ရောက်ပြီးချိန်မှာ အရေးပေါ် ဆက်သွယ်မှုကွန်ရက်ကို ရရှိခဲ့ပါသေးတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်မှစပြီး မုန်တိုင်းကြောင့် ဆက်သွယ်မှု ပြတ်တောက်ခဲ့တဲ့ မိုဘိုင်းရေဒီယိုဆက်သွယ်ရေး စခန်းများကို တာဝန်ရှိသူများနဲ့အတူ သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများက လူအင်အားစုစုပေါင်း ၄၂၂ ဦးနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့် မိုဘိုင်းစခန်းပေါင်း ၁၂၃၃ ခုအနက် ၁၂၂၁ ခုဟာ ဇွန်လ ၁၄ ရက်မှာ ပုံမှန်လုပ်ငန်းများကို အပြည့်အဝလုပ်ဆောင်နိုင်ပြီဖြစ်သလို ကျန်ရှိတဲ့စခန်း ၁၂ ခုကိုလည်း အမြန်ဆုံးပြင်ဆင် ဆောင်ရွက် လျက်ရှိပါတယ်။

နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးပါ။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက်  လမ်းပန်း ဆက်သွယ်ရေးကလည်း အလွန်အရေးကြီးပါတယ်။

ဒီအတွက်ကြောင့်    နိုင်ငံတော်အကြီးအကဲများရဲ့   လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူများက ယန္တရား ၂၁၉၁ စီးအထိနဲ့ တံတားများပျက်စီးပါက ဘေလီတံတားများ အလျင်အမြန်တည်ဆောက်နိုင်ဖို့ ဘေလီသံပေါင်နဲ့ ဆက်စပ်ပစ္စည်းများကို  ကြိုတင်စုဖွဲ့ထားရှိခဲ့ပါတယ်။

အဲဒီနောက် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်မှ အရှည်ပေ ၁၀၀ ရှိ သဲချောင်းတံတားကို အရှည်ပေ ၁၄၀ ရှိတဲ့ ဘေလီတံတားအဖြစ် တည်ဆောက်ခြင်း၊ ပေ ၄၀ အရှည်ရှိတဲ့ တံတားတစ်စင်းကို ပေ ၆၀ အရှည်ရှိတဲ့ ဘေလီတံတားအဖြစ် တည်ဆောက်ခြင်းတို့ကို  မေလ ၂၁ ရက်မှာ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့လမ်းများ၊ ပိတ်ဆို့နေတဲ့လမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်ယန္တရား များဖြင့်လည်းကောင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများရဲ့ လုပ်အားနဲ့ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းအပါအဝင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့များဟာဆိုရင်လည်း ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ချီတက်ရာလမ်းကြောင်းတစ်လျှောက် သစ်ပင်၊ သစ်ကိုင်းများ ပိတ်ဆို့လဲကျနေမှုတွေကို ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုတွေကို ရှင်းလင်းခြင်းတို့ ပြုလုပ်ပြီး အမြန်ဆုံးရောက်ရှိနိုင်ရေး ကုန်းလမ်း၊ ရေလမ်းတို့မှချီတက်ခဲ့ရတာပါ။

လက်ရှိအချိန်ထိလည်း တပ်မတော်သားများဟာ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံပြည်သူ လူထုတွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက် လျက်ရှိတာကို တွေ့မြင်နေရပါတယ်။

တပ်မတော်သားတွေအနေနဲ့ အခုလိုကူညီကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ပေးမှုတွေကို ကျွန်တော် တို့ အနေနဲ့ မြင်တွေ့ရတဲ့အခါ နိုင်ငံတော်ရဲ့ မည်သည့်အရပ်ဒေသမှာ အရေးကြုံလာ သည်ဖြစ်စေ ရှေ့ဆုံးကနေ ရောက်ရှိကူညီပေးခဲ့တဲ့ နိုင်ငံရဲ့တစ်ခုတည်းသော တပ်မတော်ရဲ့ ပြည်သူသာအမိ၊ ပြည်သူသာ အဖဆိုတဲ့ ခံယူချက်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ထားတဲ့   ရပ်တည်ချက်နဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့စေတနာ၊ မေတ္တာ တွေဟာ ဒီလိုပါလားလို့ ခံစားမိစေပါတယ်။

လျှပ်စစ်မီးရရှိရေးကဏ္ဍ

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ အရေးအကြီးဆုံးလုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခုကတော့ လျှပ်စစ်မီးရရှိရေး လုပ်ငန်းပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းပြီးနေလို့ရပေမယ့် ဒီကနေ့ ခေတ်မှာတော့ လူသုံးကုန်ပစ္စည်းများမှသည် စက်ယန္တရားကြီးများ လည်ပတ်မှုအထိ လျှပ်စစ်မရှိရင်မရတော့တဲ့ အခြေအနေဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းထဲမှာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းကလည်း အရေးကြီးတယ်လို့ ပြောရတာပါ။

ဆက်လက်ဖော်ပြပါမည်။