အားကစားအောင်မြင်မှုဂုဏ်ပြုခြင်း
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇွန် ၁၈ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်ခဲ့သည်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲတွင် အားကစား နည်းပေါင်း ၁၄ နည်း ထည့်သွင်းကျင်းပသည်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပြိုင်ပွဲဝင် အားကစားသမားပေါင်း ၁၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ အားကစားသမား ၈၂ ဦးတို့က ကစားနည်းပေါင်း (၈)နည်းဖြစ်သည့် စစ်တုရင်၊ ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာအားကစားအဖွဲ့ အနေဖြင့် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ စစ်တုရင် အားကစားနည်းမှ ကြေးတံဆိပ် ၂ ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ဂိုးလ်ဘောအားကစားနည်းမှ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခုဆွတ်ခူးရရှိခဲ့ကြသည်။ နိုင်ငံအလိုက် အဆင့် ၆ တွင်ရပ်တည်နိုင်ခဲ့သည်။ အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲပြီးတိုင်း ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် မသန်သော်လည်း စွမ်းသူတို့၏ အရည်အသွေးကို မြှင့်တင်ပေးရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မသန်စွမ်းသူများဟု ဆိုရာတွင် ရုပ်ပိုင်း/စိတ်ပိုင်း တစ်ခုခုထိခိုက်ချို့ယွင်းနေသော်လည်း ကျန်အပိုင်းက မချို့ယွင်းဘဲ ပိုမိုကောင်းမွန်ခြင်း၊ ပိုမိုထက်မြက်ခြင်း၊ ပိုမိုသန်စွမ်းခြင်းများ ရှိတတ်သည်။ မိမိတို့၏အားသာချက်ကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စွမ်းရည်မြင့်မားအောင်မြှင့်တင်ကာ မသန်သော်လည်း စွမ်းဆောင်နိုင်သူများ ကမ္ဘာနှင့်အဝှမ်းတွင် ရှိကြသည်။ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအနေဖြင့်လည်း မိမိတို့အသီးသီးတွင် ရှိကြသောစွမ်းရည်များဖြင့် မိမိဘဝကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးကို သယ်ပိုးလျက်ရှိကြသည်။
(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်း၌ ဇွန် ၈ ရက်မှ ၁၂ ရက်အထိကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၈ နိုင်ငံမှ ပြိုင်ပွဲဝင် အားကစားသမားပေါင်း ၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအားကစားအဖွဲ့မှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၃ ခု စုစုပေါင်း ၇ ခု ဆွတ်ခူးရရှိခဲ့သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်သည်။ ထို့ပြင်အာဆီယံနိုင်ငံများ၏ အားကစား အဆင့်အတန်းကို မှတ်ကျောက်တင်ရာ တိုင်းတာရာ အားကစားပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာအားကစားသမားများ အနေဖြင့် အရှေ့တောင်အာရှ အဆင့်မှသည် အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိ ထိုးဖောက်ယှဉ်ပြိုင်နိုင်ရေး နိုင်ငံတော် အစိုးရက လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးထားပြီး ဖြစ်သည်။ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်လျက်ရှိသည်။
နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခြင်းဖြစ်သည်။ နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော် အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်း နိုင်သူများကို နိုင်ငံတော်နှင့်ပြည်သူ တစ်ရပ်လုံး ဝမ်းသာအားရကြိုဆိုကြသကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငွေကြေးဆုလာဘ်များကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့သည်။ လူငယ်မောင်မယ်တိုင်းသည် အားကစားကိုစိတ်ဝင်တစား လိုက်ပါလုပ်ဆောင်၍ ထူးချွန်ထက်မြက်ပါက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဖြစ် နိုင်ငံတော်ကိုအကျိုးပြုနိုင်မည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မြန်မာ့အားကစား အဆင့်အတန်းသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာနေပြီဖြစ်သည်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအားကစား အဖွဲ့အတွက် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မားဆုံးပြိုင်ပွဲဟု မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ငွေကျပ် စုစုပေါင်း ၃၃၃၃ သန်းနှင့်အမေရိကန်ဒေါ်လာ ခုနစ်သောင်း ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ဖန်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ဆုချီးမြှင့်ခဲ့ရာ စုစုပေါင်းငွေကျပ် ၁၂၈၀၅ သိန်းကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ပါကြောင်း ရေးသားလိုက်ရပေသည်။ ။