(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသား အမျိုးသမီး ဘောလုံးအသင်း နှစ်သင်းစလုံး ပါဝင်ယှဉ်ပြိုင်မည်
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်း နှစ်သင်းစလုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အာရှအားကစားပြိုင်ပွဲများတွင် မြန်မာအမျိုးသားဘောလုံး အသင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်လေ့ရှိသော်လည်း မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ယခုအခါမှသာ ပထမအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်က ကျင်းပရမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ရှိနေသေးသည့်အတွက် ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းခဲ့၍ ယခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။
အာရှအားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ၁၉၉၄ ခုနှစ်နောက်ပိုင်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ဘဲ ၂၀၁၈ ခုနှစ်က ကျင်းပသောပြိုင်ပွဲမှာသာ ပြန်လည်ပါဝင်ခဲ့ခြင်း ဖြစ်သော်လည်း ပြိုင်ပွဲတွင် အစဉ်အလာကောင်းများ ပိုင်ဆိုင်ထားဖူးပြီး ရွှေတံဆိပ်ဆုနှစ်ခုနှင့် ကြေးတံဆိပ်ဆု တစ်ခုရရှိခဲ့ကာ အာဆီယံဒေသတွင်း အသင်းများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ဖူးသည့် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။
မြန်မာအမျိုးသမီးဘောလုံး အသင်းသည် ယခုနှစ်အတွင်း ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် ပြိုင်ပွဲများအဖြစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။