ကလေးငယ်များ ဖွံ့ဖြိုးကြီးထွားဖို့ နေ့စဉ် နွားနို့သောက်ပါ
နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ကလေးငယ်တွေရဲ့ အရိုးနဲ့သွား ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အစားအစာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်အလိုက် ကယ်လ်စီယမ်ဓာတ် လိုအပ်တဲ့ပမာဏကို တစ်သမတ်တည်း မထားဘဲ ပြောင်းလဲပေးရတာတွေ ရှိပါတယ်။
ကယ်လ်စီယမ်ဓာတ်က အရိုးတွေကြီးထွား သန်မာစေပါတယ်။ အရိုးကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာတဲ့အဆင့်က ဆယ်ကျော်သက်အရွယ်ရောက်မှ အပြည့်အဝပြီးစီး လေ့ရှိတာကြောင့် ငယ်စဉ်ဘဝကတည်းက ဆယ်ကျော် သက်အရွယ်အထိ ကယ်လ်စီယမ်ဓာတ်ကို လုံလုံလောက်လောက် ရရှိအောင် မိဘများက ဂရုတစိုက် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ အရိုးကြီးထွားဖွံ့ဖြိုးတဲ့ အဆင့်ပြီးမြောက်ပြီး သက်လတ်ပိုင်းအရွယ်ဝင်တာနဲ့ အရိုးဖွံ့ဖြိုးမှုဟာ တဖြည်းဖြည်း အသက်တစ်နှစ်ကြီး လာတာနဲ့အမျှ စတင်ပျက်စီးလာပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးကျန်းမာသန်စွမ်း နှုန်းလျော့နည်းတာကြောင့် ကယ်လ်စီယမ်ဓာတ်ပြည့်၀အောင် အမြဲစစ်ဆေးပြီးဖြည့်ပေးဖို့ လိုအပ်ပါတယ်။
ဆယ်ကျော်သက် မိန်းကလေးတွေ ဆယ်ကျော်သက် အရွယ်မှာ ကယ်လ်စီယမ်ဓာတ် အပြည့်အဝမရရှိထားရင် အသက်ကြီးလာတဲ့အခါ အရိုးနဲ့ပတ်သက်တဲ့ ရောဂါ (ဥပမာ-အရိုးပွရောဂါ) ခံစားရပြီး အရိုးတွေအားနည်းကာ အလွယ်တကူ ကျိုးနိုင်ပါတယ်။ ငယ်စဉ်ကစပြီး အသက် ၁၈ နှစ်၊ ၁၉ နှစ်အထိ နွားနို့သောက်ဖို့ လိုအပ်တဲ့အတွက် အသက်အရွယ်အလိုက် သင့်လျော်တဲ့ ပမာဏအတိုင်း သောက်သုံးသင့်ပါတယ်။
ဒါ့ပြင် အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူဖို့ကူညီပေးတဲ့ ဗီတာမင်ဒီဓာတ် အပြည့်အဝမရရှိရင် အရိုးပျော့ရောဂါဖြစ်တဲ့အခါ ခြေထောက်နေရာက အရိုးတွေ မဖွံ့ဖြိုးနိုင်ဘဲ ကြွက်သားနာကျင် အားနည်းပြီး လမ်းလျှောက်လို့မရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက ကယ်လ်စီယမ်ဓာတ်ပြည့်ဝအောင် နွားနို့တိုက်တာအပြင် ဗီတာမင်ဒီဓာတ်ရရှိစေဖို့ နံနက် ၉ နာရီကနေ ၁၀ နာရီအတွင်း နေရောင်ခြည် ထိတွေ့စေတာမျိုး ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
ကယ်လ်စီယမ်ဓာတ်က ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားနဲ့ အာရုံကြောတွေ စနစ်တကျ အလုပ်လုပ်နိုင်အောင် ကူညီပေးတဲ့အပြင် အင်ဇိုင်းနဲ့ ဟော်မုန်းထုတ် လုပ်တဲ့လုပ်ငန်းဆောင်တာတွေလည်း ညီညွတ်မျှတစေ ပါတယ်။ ကိုယ်ခန္ဓာမှာ ကယ်လ်စီယမ်ဓာတ်လျော့နည်း သွားတဲ့အခါ အရိုးထဲမှာ သိမ်းဆည်းထားတဲ့ ကယ်လ်စီယမ်ဓာတ်တွေကို တခြားလုပ်ငန်းတွေမှာ အသုံးပြုဖို့ ထုတ်ယူလိုက်တာမျိုးတွေလည်း ရှိပါတယ်။
ကလေးတွေ ငယ်စဉ်ကတည်းက ကယ်လ်စီယမ်ဓာတ် အပြည့်အဝရရှိခဲ့မယ်ဆိုရင် ဆယ်ကျော်သက်အရွယ်ကစပြီး သန်စွမ်းတဲ့အရိုးတွေ ပိုင်ဆိုင်ကာ ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏကို ဖြည့်တင်းနိုင်ဖို့အတွက် ကလေးအသက်တစ်နှစ်ကနေ သုံးနှစ်အထိ တစ်ရက်ကို ကယ်လ်စီယမ်ဓာတ် ၇၀၀မီလီဂရမ်ပြည့်အောင် မိဘတွေက သတိထား တိုက်ကျွေးဖို့ လိုပါတယ်။အသက်လေးနှစ်ကနေ ရှစ်နှစ်အထိ တစ်ရက်ကို ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ်နဲ့ အသက်ကိုးနှစ်ကနေ ၁၈ နှစ်အထိ တစ်ရက်ကို ကယ်လ်စီယမ် ၁၃၀၀ မီလီဂရမ်ပြည့်ဝဖို့ လိုပါတယ်။
ကယ်လ်စီယမ်ဓာတ်ဖြည့်တင်းဖို့ နောက်ထပ်လိုအပ်တဲ့ဓာတ်က ဗီတာမင်ဒီဖြစ်ပါတယ်။ ကလေးတွေ တစ်ရက်ကို ဗီတာမင်ဒီဓာတ် ၆၀၀ ယူနစ်ရရှိအောင် နေရောင်ခြည်ခံစေတာ၊ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဗီတာမင်ဒီဖြည့်စွက်ဆေး တိုက်ကျွေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ရရှိနိုင်တဲ့ အခြေခံအစားအစာတွေထဲမှာ ဗီတာမင်ဒီလည်း ပါဝင်နေလို့ နေ့တိုင်းမပျက်မကွက် စားသုံးပေးသင့်ပါတယ်။ ကလေး၊ လူကြီး မည်သူမဆို တစ်ရက်ကို နွားနို့တစ်ခွက်သောက်သုံး ပေးသင့်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းပါတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။ ပင်လယ်စာတွေ စားနိုင်တယ်။ ကယ်လ်စီယမ်ဓာတ်ပါဝင်တဲ့ အစား အစာတွေမှာ ပဲကြီးလည်းပါဝင်ပြီး ပဲကြီးပန်းကန်လုံး ခွက်တစ်ဝက်မှာ ကယ်လ်စီယမ် ၁၀၀ မီလီဂရမ်ပါဝင်ပါတယ်။ မက်မွန်စေ့ ၁ အောင်စမှာ ကယ်လ်စီယမ် ၈၀ မီလီဂရမ်ပါဝင်ပြီး မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့ ၄ အောင်စမှာ ကယ်လ်စီယမ် ၇၀ မီလီဂရမ်ပါဝင်ပါတယ်။ ချက်ပြုတ်ပြီး ပန်းမုန်လာစိမ်းခွက်တစ်ဝက်မှာ ကယ်လ်စီယမ် ၃၅ မီလီဂရမ်ပါဝင်ပါတယ်။
နွားနို့က ကယ်လ်စီယမ်ဓာတ်ကို အပြည့်အဝဖြည့် တင်းနိုင်လို့ ဘယ်အသက်အရွယ်မှာ နွားနို့ဘယ် လောက်သောက်သင့်တယ်ဆိုတာ သိထားသင့်ပါတယ်။ မွေးကင်းစနဲ့ အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာတော့ မိခင်နို့ကလွဲရင် နွားနို့တိုက်ဖို့ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ နွားနို့မှာ မွေးကင်းစနဲ့ အသက်တစ်နှစ်အောက် ကလေးငယ်တွေ လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်လို့ပဲဖြစ်ပါတယ်။ မိခင်နို့ရည်တစ်မျိုးတည်းကသာ အာဟာရပြည့်ဝစွာရရှိနိုင်လို့ အသက်ခြောက်လကျော်မှ ဖြည့်စွက်စာကျွေးသင့်ပြီး ဖော်မြူလာနို့မှုန့် တွေကို လိုအပ်မှ တိုက်သင့်ပါတယ်။
မိခင်နို့တိုက်ကျွေးတာ ရပ်တန့်လိုက်ပြီဆိုရင် နွားနို့အပြင် နို့ထွက်ပစ္စည်းအမျိုးမျိုး တိုက်ကျွေးနိုင်ပါတယ်။ အဲဒီလိုတိုက်ကျွေးမှသာ ကလေးတွေရဲ့ ပုံမှန်ကြီးထွား ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ရ ရှိမှာဖြစ်ပါတယ်။ တစ်ရက်ကို ၁၆ အောင်စဆိုရင် လုံလောက်ပြီဖြစ်လို့ အဲဒီထက်မပိုသင့်ပါဘူး။ အသက် နှစ်နှစ်ကျော်လာရင်လည်း အဆီနည်းတဲ့၊ အဆီထုတ် ထားတဲ့နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။
စားသုံးတဲ့ အစာအာဟာရဓာတ်တွေအနက် ကယ်လ်စီယမ်ဓာတ်က အရိုးနဲ့သွားတွ ေခိုင်မာစေပြီး လူကို မတ်မတ်ရပ်နိုင်ဖို့၊ ကုန်းတာမတ်တာလုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပဲဖြစ်ပါတယ်။ ဦးနှောက် ပိုင်းဆိုင်ရာလုပ်ငန်းတွေ၊ ကြွက်သားလှုပ်ရှားမှုနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတွေအတွက်လည်း အရေးပါတဲ့ကဏ္ဍမှာ ပါဝင်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။
ကယ်လ်စီယမ်ရဲ့ ကောင်းကျိုးတွေကတော့ အရိုးကျန်းမာရေး ကောင်းမွန်စေတယ်။ အရိုးနဲ့သွားတွေ ဖွဲ့စည်းမှုမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်တယ်။ မီးယပ်သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ အမျိုး သား သို့မဟုတ် ငယ်ရွယ်တဲ့ အမျိုးသမီးတွေထက် အရိုးသိပ်သည်းဆ လျော့နည်းနှုန်း ပိုပြီးမြန်ဆန်စေပါတယ်။
မီးယပ်သွေးဆုံးပြီဖြစ်တဲ့ အမျိုးသမီးတွေမှာ သွေးဆုံးလက္ခဏာဖြစ်တဲ့ အရိုးပွရောဂါဖြစ်နိုင်ခြေပိုများလို့ ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့အစာတွေ၊ ဖြည့်စွက်ဆေးတွေ ပိုပြီးလိုအပ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်က ကြွက်သားတွေ ကျုံ့ညှစ်ခြင်း ပုံမှန်လုပ်ဆောင်နိုင်ဖို့ အားပေးကူညီတယ်။ ကြွက်သားတစ်ခုကို အာရုံကြောတစ်ခုက လှုံ့ဆော်လိုက်တဲ့အခါ ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ်ဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ ကြွက်သားမှာရှိတဲ့ ပရိုတင်းဓာတ်တွေက ကြွက်သားကျုံ့ခြင်း၊ ညှစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ ကယ်လ်စီယမ်ဓာတ်က အထောက်အကူပြုတယ်။ ကယ်လ်စီယမ်ဓာတ်တွေ ကြွက်သားအပြင်ဘက် ထုတ်လွှတ်တဲ့အခါ ပြေလျော့ခြင်းဖြစ်စေပါတယ်။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ကယ်လ်စီယမ်ဓာတ်က နှလုံးကြွက်သားကို ကျုံ့၊ညှစ်ခြင်းလုပ်ငန်းမှာလည်း အကူအညီပေးနိုင်တဲ့ ဂုဏ်သတ္တိရှိကြောင်း လေ့လာချက်အရ သိရှိရလို့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီအားဖြည့်ဆေးတွေကို သောက်သုံးပေးသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်