ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၉ ရက်)

ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသည် အလွန့် အလွန်အားကောင်းသည့် မုန်တိုင်းဖြစ်သည်။ အာဆီယံအပါအဝင် နိုင်ငံတကာက ပြင်းထန်၍ ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ဟုပင် ထင်မှတ်ထားခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ အမြော်အမြင်ရှိရှိဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မှုကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးခဲ့သည်။ လေဖိအားနည်း စတင်ဖြစ်ပေါ်ခဲ့သည့် မေ ၆ ရက်မှစ၍ Disaster Management Centre-DMC ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး မေလ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် သတ်မှတ်ချိန်ထက်စော၍ အနီရောင်အဆင့်ကြေညာခဲ့သဖြင့် ကြိုတင် ပြောင်းရွှေ့မှုများအား အချိန်စောစွာရွှေ့ပြောင်းနိုင်ခဲ့သည်။ ထို့ကြောင့်ထိခိုက်သေဆုံးဆုံးရှုံးမှုကို အနည်း ဆုံးလျှော့ချနိုင်ခဲ့သည်။ မုန်တိုင်းအလွန်ကာလ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုလည်း ဆောလျင်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တပ်မတော်နှင့်အတူ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှာ ကိုယ်ကျိုးစီးပွားကို လျစ်လျူရှု၍ အနစ်နာခံပြီး အားကြိုးမာန်တက် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသို့ဆောင်ရွက်မှု ကြောင့် မုန်တိုင်းတိုက်ခတ်ပြီးပျက်စီးဆုံးရှုံး မှုမြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ ပြန်လည်ထူထောင် ပြီးစီးမှုမြင်ကွင်းမှာ ဝမ်းသာအားရကျေနပ်ဖွယ် ပြောင်းလဲနေပြီဖြစ်သည်။ မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေဖြစ်သည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇွန် ၁၄ ရက်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံဂုဏ်ပြုအမှာ စကားပြောကြားစဉ် “နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများက ဆုံးရှုံးမှု ကြီးမားမည်ဟု မျှော်မှန်းထားသော်လည်း ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဟူသော စကားနှင့်အညီ စည်းလုံးညီညွတ်မှု နှင့်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်သကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက် နိုင်မှုများသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်ပင်ဖြစ်ကြောင်း။ ယခုကဲ့သို့ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများ အားလုံးနှင့် ပြည်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း” ထည့်သွင်း ပြောကြား ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာအောင်ကျော်မင်းတို့သည် မိုခါမုန်တိုင်း ကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံရှင်းလင်း လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သည်။ ပေးအပ်ခဲ့သော ဂုဏ်ပြုချီးမြှင့်ငွေစုစုပေါင်းမှာ ငွေကျပ်သိန်း ၄၉၀ ဖြစ်ကြောင်း သိရှိ ရသည်။

ဒေသအကျိုးဆောင်ရွက်ရာတွင် ပြည်သူသည်ထာဝရ၊ ဝန်ထမ်းသည် တစ်ခဏသာဖြစ်၍ ဒေသခံ ပြည်သူများအနေဖြင့် မိမိဒေသအကျိုးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။ ပညာရေး နှင့်ပတ်သက်၍ မုန်တိုင်းကြောင့်ကျောင်းပေါင်း ၁၅၈၃ ကျောင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ အစီအမံအရ အထက်တန်းအဆင့်များ ဦးစားပေးပြင်ဆင်၍ ဇွန် ၁ ရက်နေ့အမီ ဖွင့်လှစ်မှုများ ပြုလုပ်ခဲ့သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေသူ အားလုံး KG+9 အောင်မြင်ရန်မူဝါဒနှင့်အညီ ပညာရေးကို အလေးထား ဆောင်ရွက် နေခြင်းဖြစ်သည်။ ဇွန် ၁ ရက်နေ့တွင် ကျောင်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကာလကတည်းကပင် လူ့အသက်ထက်အရေးကြီး တာဘာမှမရှိဟူသော မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့သည်။ ဆေးရုံများနှင့်ပတ်သက်၍ လိုအပ်သော ပြင်ဆင်မှုများကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍတွင် ရေဒီယိုစခန်း ၁၂၃၃ ခုရှိသည့် အနက် ၈၉၂ ခုပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်၍ ၉၉ ဒသမ ၃ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်သည်။ လျှပ်စစ် ကဏ္ဍအနေဖြင့် ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁)ဓာတ်အားလိုင်းမှ ဇွန် ၆ ရက်တွင် စစ်တွေ(၆၆)ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၁)သို့လည်းကောင်း၊ ဇွန် ၈ ရက်တွင် စစ်တွေဓာတ်အားခွဲရုံ အမှတ်(၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံသို့လည်းကောင်း ဓာတ်အားများပို့လွှတ်ခဲ့ပြီး စုစုပေါင်းထရန်စဖော်မာ ၂၄၅ လုံးဖြင့် စစ်တွေ မြို့အတွင်းရပ်ကွက် ၃၃ ရပ်ကွက်သို့ ရာခိုင်နှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးထားပြီး ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသနှင့်ကိုက်ညီသောမျိုးစပါးများ အချိန်မီရောက်ရှိအောင် စီမံပေးလျက် ရှိသည်။ မိုးစပါးထွန်ယက်ရေး အသုံးပြုရန်အတွက် လယ်ထွန်စက် ၈၅ စီးဖြင့် ထွန်ယက်လုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်မှုများမှာ အားရကျေနပ်ဖွယ် ကောင်းလှပါကြောင်း ရေးသားလိုက်ရပေသည်။   ။