၂၀၂၃ ခုနှစ် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ

၂၀၂၃ ခုနှစ် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ

နိဒါန်း

    တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံသည်     အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လူဦးရေအားဖြင့်  ၁၃  သိန်းကျော် ရှိပါသည်။ လွှတ်တော်ရွေးကောက်ပွဲများကို ၂၀၀၁ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် အသီးသီး ကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီ ၃ ပါတီ ပေါင်းစည်း ဖွဲ့စည်းထားသည့် ညွန့်ပေါင်းပါတီ Alliance for Change and Progress က အမတ်နေရာ ၃၄ နေရာဖြင့် အနိုင်ရရှိခဲ့၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ သမ္မတ Jose Ramos Horta  က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်  ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းရွေးကောက်ပွဲသည် ၂၀၀၂ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၅ ကြိမ် မြောက် ကျင်းပသည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဖြစ်သည်။ အမျိုးသားလွှတ်တော်ကို ရွေးကောက်ခံ ကိုယ်စားလှယ် ၆၅  ဦးဖြင့်  ဖွဲ့စည်းထားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများကို တစ်နိုင်ငံလုံး မဲဆန္ဒနယ်တစ်နယ် သတ်မှတ်၍ စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံး၍ ရွေးကောက် တင်မြှောက်ခြင်းဖြစ်သည်။ လွှတ်တော်သက်တမ်းမှာ ၅ နှစ်ဖြစ်သည်။ အနိမ့်ဆုံးခိုင်လုံမဲ သတ်မှတ်ချက် ၄ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကိုယ်စားလှယ်နေရာ ခွဲဝေရာတွင် d'Hondt Method ကို  အသုံးပြုသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့အစည်း

    တီမောလက်စ်တေနိုင်ငံတွင် ရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့အစည်း National Election Commission (CNE) နှင့် Technical Secretariat for Electoral Administration (STAE) ဟူ၍ နှစ်ခုရှိသည်။ CNE သည် ၅ နှစ်သက်တမ်းအတွက် အဖွဲ့ဝင်  ၇ ဦး ပါဝင်သော   လွတ်လပ်သည့်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး  အဖွဲ့ဝင်များကို တစ်ကြိမ်ပြန်လည် ခန့်အပ်နိုင်သည်။ CNEအဖွဲ့ဝင်များကို သမ္မတမှတစ်ဦး၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦး (အမျိုးသမီးတစ်ဦး အပါအဝင်)၊ အစိုးရမှတစ်ဦး ခန့်အပ်ပြီး ကျန်နှစ်ဦးအား တရားစီရင်ရေးမှူး များထဲမှ တစ်ဦးနှင့် အစိုးရရှေ့နေများထဲမှ တစ်ဦးတို့အား ရွေးချယ်ခန့်အပ်သည်။ ဥက္ကဋ္ဌအဖြစ် ယင်းအဖွဲ့ဝင် ၇ ဦးထဲမှ အဖွဲ့ဝင်တစ်ဦးကို အမျိုးသားလွှတ်တော်က ရွေးချယ်ကြသည်။ လက်ရှိ CNE တွင် အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ပါဝင်ပါသည်။  CNE ၏ အဓိကတာဝန်သည် STAE ၏လုပ်ငန်းများကို ကြီးကြပ်ရခြင်းဖြစ်သည်။

STAE သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်အဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ဦးဆောင်သော ပြည်နယ်အုပ်ချုပ်ရေး ဝန်ကြီးဌာနအတွင်းရှိ အစိုးရအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများရေးဆွဲခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း၊ မဲဆန္ဒရှင်များထံ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ဖြန့်ဝေခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အထောက်အပံ့နှင့် ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ မဲပေးခြင်းကို စီမံခန့်ခွဲခြင်း၊ မဲရေတွက်ခြင်း၊ မြူနီစီပယ် အဆင့်အလိုက် မဲစာရင်းများပြုစုခြင်းနှင့်  နိုင်ငံပြင်ပမဲပေးခြင်း စသည့်လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်ရသည်။

ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်

    အသက် ၁၇ နှစ်ပြည့် တီမောနိုင်ငံသားဖြစ်ရမည့်အပြင် မဲစာရင်းတွင် ပါဝင်သူလည်း ဖြစ်ရမည်ဖြစ်သည်။ တရားရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကာကွယ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးနှင့် သံတမန်ရေးရာဝန်ကြီးများ၊ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်မရှိပေ။ ကိုယ်စားလှယ်လောင်းသည် နိုင်ငံရေးပါတီတစ်ခုမှ အမည်စာရင်း တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း သို့မဟုတ် ညွန့်ပေါင်းပါတီတစ်ခုမှ အမည်စာရင်း တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ဖြစ်ရမည်ဖြစ်သည်။ တစ်နေရာထက်ပို၍ ကိုယ်စားလှယ်နေရာ အမည်စာရင်းတင်သွင်းခွင့် မရှိပေ။ နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရာတွင် ကိုယ်စားလှယ်လောင်း သုံးဦးလျှင် အမျိုးသမီးတစ်ဦး ထည့်သွင်းတင်သွင်းရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ

    ၂၀၂၃ ခုနှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆွယ်စည်းရုံးသည့် ကာလကို ဧပြီ ၁၉ ရက်နေ့မှ မေ ၁၈ ရက်နေ့အထိ ရက်ပေါင်း ၃၀ သတ်မှတ်ထားသည်။ အသက် ၁၆ နှစ်ပြည့်သည့် တီမောလက်စ်တေ နိုင်ငံသားတိုင်းသည် မဲစာရင်းမှတ်ပုံတင်ခွင့် ရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၇ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်များသာ မဲစာရင်းတွင် ပါဝင်ခွင့်ရှိမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈၉၀၁၄၅ ဦးရှိပြီး မဲလာပေးသူ ၇၅၀၆၉၂ ဦးရှိ၍ မဲပေးမှုရာခိုင်နှုန်းမှာ ၇၉ ဒသမ၂၈ ရာခိုင်နှုန်းဖြစ်သည်။

နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များ မဲပေးလိုပါက မဲစာရင်းတွင် အမည်စာရင်း ပါဝင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သတ်မှတ်ထားသည့် နေရာများ(သြစတြေးလျနိုင်ငံတွင် Darwin, Melbourne and Sydney ၊ ပေါ်တူဂီနိုင်ငံတွင် Beja, Lisbon and Porto ၊ တောင်ကိုရီးယားနိုင်ငံတွင် Gwangju and Seoul ဗြိတိန်နိုင်ငံတွင် Crewe, Dunganno, Oxford and Peterborough)များသို့ လူကိုယ်တိုင် လာရောက် မဲပေးရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈၉၀၁၄၅ ဦးရှိပြီး နိုင်ငံပြင်ပမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၀၀ ဦးရှိခဲ့သည်။       

STAE မဲပေးစင်တာ ၁၄၆၀ ၌ မဲရုံပေါင်း ၁၈၃၈ ဖွင့်လှစ်ခဲ့သည်။ အရန်မဲရုံ ၁၂ ရုံနှင့် နိုင်ငံ ပြင်ပမဲရုံများ ဖွင့်လှစ်ဆောင်ရွက်သွားခဲ့သည်။ မဲပေးစင်တာ ၇၇ ရာခိုင်နှုန်းအား မဲရုံတစ်ရုံနှုန်းစီဖြင့် လည်းကောင်း၊ မဲပေးစင်တာ ၂၂ ရာခိုင်နှုန်းအား မဲရုံနှစ်ရုံနှုန်းစီဖြင့် လည်းကောင်း၊ မဲပေးစင်တာ ၃ ရာခိုင်နှုန်းအား  မဲရုံသုံးရုံနှုန်းစီဖြင့် လည်းကောင်း၊   မဲပေးစင်တာ သုည ဒသမ ၁ ရာခိုင်နှုန်းအား မဲရုံလေးရုံနှုန်းစီဖြင့် လည်းကောင်း အသီးသီးဖွင့်လှစ် ကျင်းပခဲ့သည်။ မဲပေးစင်တာနှင့် မဲရုံအရေအတွက်အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မတိုင်မီအချိန်အတွင်းသာ ပြောင်းလဲသတ်မှတ်နိုင်သည်။ သို့သော်လည်း STAE အနေဖြင့် မဲပေးစင်တာ တည်နေရာ အပြောင်းအလဲအား ရွေးကောက်ပွဲမတိုင်မီ ၁၀ ရက်အလို နောက်ဆုံးထား၍ ပြင်ဆင်သတ်မှတ်နိုင်သည်။ မဲရုံကို နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိဖွင့်လှစ်သည်။ မဲရုံတွင် မဲပေးပြီးနောက် မဲရေတွက်ခြင်းကို မဲပေးစင်တာများတွင် ပြုလုပ်သည်။ မဲပေးစင်တာတစ်ခုလျှင် အုပ်ချုပ်သူတစ်ဦး ဦးဆောင်၍ မဲရုံတစ်ရုံလျှင်  မဲရုံဝန်ထမ်းကိုးဦးနှင့် ကြီးကြပ်သူအရာရှိတစ်ဦးတို့ ပါဝင်သည်။ မဲပေးစင်တာတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း တစ်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

မဲဆန္ဒရှင်များ မဲပေးပြီးသည့်အချိန်တွင် ဆန္ဒမဲများကို မဲပေးစင်တာများတွင် ရေတွက်ခြင်းဖြစ်သည်။ ပထမဦးစွာ မဲပေးစင်တာအတွင်းရှိ မဲရုံတစ်ခုချင်းစီ၏ အတွင်းရေးမှူးများသည် အသုံးမပြုရသေးသော၊ ပယ်ဖျက်ထားသော မဲလက်မှတ်များကို ရေတွက်ပြီး လုံခြုံစွာ ထုပ်ပိုးသိမ်းဆည်းရသည်။  ထို့နောက် မဲပုံးများကိုဖွင့်ပြီး မဲပေးစင်တာအတွင်းရှိ မဲရုံအားလုံးမှ ဆန္ဒမဲလက်မှတ်များကို ရောနှောကာ မဲရေတွက်ခြင်းကို စတင်သည်။

မဲပေးစင်တာတစ်ခုချင်းစီ၏ ရလဒ်များကို မြူနီစီပယ်အလိုက် စုစည်း၍ CNE သို့ ရွေးကောက်ပွဲ ကျင်းပပြီး နှစ်ရက်အတွင်း ပေးပို့တင်ပြရသည်။ CNE မှ ရရှိသောရလဒ်များကို ၇၂ နာရီအတွင်း စစ်ဆေးအတည်ပြုပြီး အယူခံတရားရုံးမှ ဇွန်လ ၆ ရက်နေ့ထက် နောက်မကျဘဲ ကြေညာရမည်ဖြစ်သည်။ နိုင်ငံတော်ပြန်တမ်းတွင်လည်း ဇွန်လ ၇ ရက်နေ့ထက် နောက်မကျဘဲ ထည့်သွင်းထုတ်ပြန်ရမည်ဖြစ်သည်။ လွှတ်တော်အသစ်သည် ဇွန် ၁၂ ရက်တွင် လွှတ်တော်အစည်းအဝေး စတင်မည်ဟု ခန့်မှန်းသတ်မှတ်ထားသည်။  သမ္မတသည် ယင်းလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အား ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ ရွေးချယ်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ၅ ပါတီမှ အောက်ဖော်ပြပါအတိုင်း ကိုယ်စားလှယ်နေရာ အသီးသီးရရှိခဲ့ကြသည် -

Description: C:\Users\Administrator\Desktop\19-6-2023\196131.JPG

ကိုယ်စားလှယ်နေရာအများဆုံး ရရှိခဲ့သည့်ပါတီများ

National Congress for Timorese Reconstruction (CNRT) ပါတီ

    National Congress for Timorese Reconstruction (CNRT) ပါတီသည် ၂၀၂၃ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၃၁ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ CNRT ပါတီကို သမ္မတဟောင်း Xanana Gusmão က ၂၀၀၇ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် ဒုတိယအများဆုံး ထောက်ခံမဲရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွင် Kmanek Haburas Unidade Nasional Timor Oan (KHUNTO) ပါတီ၊ People's Liberation Party (PLP) ပါတီတို့နှင့် ညွန့်ပေါင်းဖွဲ့စည်း၍ အစိုးရဖွဲ့နိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်လည်း  ပါတီမှ Jose Ramos Horta က သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

Revolutionary Front for an Independent East Timor - Fretilin ပါတီ

    Revolutionary Front for an Independent East Timor ပါတီ၏ အတိုကောက်စကားလုံးမှာ Fretilin ဖြစ်သည်။ ၂၀၀၂ ခုနှစ် လွတ်လပ်ရေးမရမီ ကာလကတည်းက တည်ထောင်ထားခြင်းဖြစ်သည်။ Fretilin သည် ၁၉၄၇ ခုနှစ် ပေါ်တူဂီတို့၏ လွှမ်းမိုးမှုနှင့် ၁၉၉၉ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံတို့မှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေး လှုပ်ရှားမှုအဖြစ် စတင်ခဲ့သည်။ ၂၀၀၂ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပါတီစုံစနစ်၌ အာဏာရရှိရန် ပိုင်ဆိုင်မှုပြင်းထန်သော ပါတီအများအပြားတွင် တစ်ပါတီအဖြစ် ပါဝင်သည်။ ၂၀၁၇ ခုနှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင်  Fretilin ygwDu National Congress for Timorese Reconstruction ပါတီထက် နေရာတစ်နေရာ အသာဖြင့် ၂၃ နေရာရရှိခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့နောက် Fretilin ပါတီက Democratic Party  နှင့်ပူးပေါင်း၍ ကိုယ်စားလှယ်နေရာ ၆၅ နေရာအနက် ၃၀ နေရာဖြင့် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရ၏ ဘက်ဂျက်တစ်ခုအား အတည်ပြုရန် ကြိုးပမ်းမှုများ လွှတ်တော်အတွင်း   အောင်မြင်ခြင်းမရှိသဖြင့် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီးနောက်တွင် သမ္မတက လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်  သမ္မတရာထူးအား ပါတီမှ ရရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

နိဂုံး

တီမောလက်စ်တေနိုင်ငံ၏ ၂၀၂၃ ခုနှစ် မေ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲသည်   လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်သည့်အပြင် သိန်းပေါင်းများစွာသော တီမောမဲဆန္ဒရှင်များသည် ငြိမ်းချမ်းစွာဖြင့် မိမိတို့၏ ဆန္ဒကို ဖော်ထုတ်ခဲ့ခြင်း လည်းဖြစ်သည်။       

    ထိုရွေးကောက်ပွဲသည် တီမောလက်စ်တေနိုင်ငံ ပြည်သူပြည်သားများ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းသော နိုင်ငံရေး လုပ်ငန်းစဉ်များအတွက် ကတိကဝတ်များကို ထင်ဟပ်စေပြီး ကမ္ဘာတစ်ဝန်းလုံး ဒီမိုကရေစီအတွက် လှုံ့ဆော်မှု တစ်ခုအဖြစ်   နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများမှ သုံးသပ်တင်ပြထားသည်။ တီမောလက်စ်တေနိုင်ငံသည် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးလျက်ရှိသည်။ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင်လည်း အမျိုးသမီးပါဝင်မှု ၃ ချိုး ၁ ချိုးနှုန်း သတ်မှတ်ထားပြီး ယခုအမျိုးသား လွှတ်တော် ရွေးကောက်ပွဲ၌လည်း ကိုယ်စားလှယ် ၆၅ နေရာအနက် အမျိုးသမီး ကိုယ်စားလှယ် ၂၆ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။   တီမောလက်စ်တေနိုင်ငံသည် လွှတ်တော်တွင်  ကိုယ်စားလှယ် ကျား၊ မ အရေအတွက် ပါဝင်မှုကို အချိုးကျပုံဖော်ထားပြီး ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း တွေ့ရှိရပါသည်။  ။

လင်းညို