သားသမီးများရွှေအိုးထမ်းလာနေကြပြီ

သားသမီးများရွှေအိုးထမ်းလာနေကြပြီ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၂၀ ရက်)

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် မသိနားမလည်သော လူငယ်မောင်မယ်တို့ကို လူရည်လည် သူများက လမ်းမှားသို့ ဆွဲခေါ်သွားကြသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်အမှန်ကို လူငယ် မောင်မယ်တို့ ထဲထဲဝင်ဝင်သိရှိကြမည် မဟုတ်ပေ။ အမှန်ကိုအမှန်အတိုင်းသိမြင်သူ လူငယ် မောင်မယ်တို့မှာ လမ်းမှားသို့လိုက်ပါသွားခြင်းမရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူတို့မှာ ကျောင်းပညာကို တတ်အောင်သင်ယူကြသလို နိုင်ငံ့ဝန်ထမ်း လူငယ်အများစုမှာလည်း ဝန်ထမ်းတာဝန်ကျေပွန်စွာ   ထမ်းဆောင်နေကြသည်။ ဤသည်ကို သက်သေပြလိုသည်မှာ လမ်းမှားသို့ ရောက်သွားသူ အရေအတွက် နှင့် လမ်းကြောင်းမှန်တွင် ကျန်ရစ်သူအရေအတွက်နှိုင်းယှဉ်လျှင် လမ်းမှန်တွင်လျှောက်လှမ်းသူက ပိုမို များပြားပါသည်။

မှားယွင်းသောလမ်း၊ မိမိတို့အနာဂတ်ကို မှန်းဆမရနိုင်သောလမ်းကို ဆူးခင်းသောလမ်းဟုလည်းကောင်း၊ မိမိတို့၏ ဘဝအနာဂတ်မျှော်မှန်းချက်ကို ပူပင်သောကကင်းစွာ သွားနိုင်သည့်လမ်းကို    ပန်းခင်းလမ်းဟု လည်းကောင်း စာပေပညာရှင်တို့ တင်စားရေးသားကြသည်။ ဆူးခင်းသောလမ်းကို လမ်းမှား၊ ပန်းခင်းသော လမ်းကိုလမ်းမှန်ဟု သတ်မှတ်လျှင် တွေးခေါ်ဆင်ခြင် စဉ်းစားဉာဏ်ရှိသူတိုင်းက ပန်းခင်း လမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ လမ်းမှားသို့ရောက်ကာ အကြမ်းဖက်အဖွဲ့ဖြစ်သော CRPH နှင့် NUG တို့ ခိုင်းစေသမျှ လိုက်ပါလုပ်ဆောင်နေရသည့်ဘဝမှာ ရင်နာဖွယ်ကောင်းလှသည်။  မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းအနေဖြင့် လွန်စွာယူကျုံးမရ ဖြစ်ပေလိမ့်မည်။ ထို့အတူ နိုင်ငံ့အနာဂတ်အတွက်လည်း လူသားအရင်းအမြစ်များ ဆုံးရှုံးခံရသည့် အသွင်ပမာတူလှသည်။

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် CRPH နှင့် NUG တို့သည် နိုင်ငံတော် အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ပြီး စိတ်ဓာတ်တက်ကြွသည့် လူငယ်များကိုဝါဒမှိုင်းတိုက်ကာ အကြမ်းဖက်မှု ကျူးလွန်စေရန်၊ နိုင်ငံတော်ကိုဆန့်ကျင်စေရန်  ဆောင်ရွက်ခဲ့သည်။ စည်းရုံးသိမ်းသွင်း ခံထားရသူများ သည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများတွင် ပါဝင်ခဲ့ ရသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုတည်ဆောက်ရေးတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒရှိသည်။

ထို့ကြောင့် လမ်းမှားရောက်နေသူ လူငယ်မောင်မယ်များကို လမ်းမှန်သို့ ပြန်လည်ရောက်စေချင်သည်။ လူငယ်ဆိုသည်မှာ အတွေ့အကြုံနုနယ်သူများဖြစ်၍ တစ်ခါတစ်ရံ ဆုံးဖြတ်မှု မှားယွင်းတတ်ပါသည်။ လူငယ်မောင်မယ်တိုင်းတွင် မိဘဆွေမျိုးအသိုင်းအဝိုင်းရှိကြပေရာ မည်သည့်မိဘကမှ မိမိတို့၏ သားသမီးများကို ပင်ပန်းဆင်းရဲပြီး ဘဝတိုးတက်လမ်းမရှိသည့် ခယောင်းလမ်းမှာလျှောက်လှမ်း နေသည်ကို ကြည့်ရက်မည်မဟုတ်ပါ။ မိဘတို့တတ်စွမ်းနိုင်သည်မှာ နိုင်ငံတော်အစိုးရထံ မေတ္တာ ရပ်ခံခြင်းသာ ပြုလုပ်နိုင်ကြသည်။ မိဘများကိုယ်တိုင်က နိုင်ငံတော်အစိုးရကို တင်ပြလာခြင်း၊ နိုင်ငံတော်အစိုးရကလည်း သားသမီးချင်းကိုယ်ချင်းစာစိတ်နှင့် နိုင်ငံတိုးတက်ရေးကို ရှေးရှုခြင်းဖြင့် လူငယ်မောင်မယ်များကို ဆူးခင်းလမ်းမှ ပန်းခင်းလမ်းသို့ ကောင်းမွန်စွာ ပြန်လည်ခေါ်ယူပေးလျက် ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား  ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို    လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများနှင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ် မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုသတင်းထုတ်ပြန်ချက်ကို ကြားသိရသည့်လူငယ်အမြောက်အမြား ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာကြပြီဖြစ်သည်။ ဇွန် ၁၄ ရက်က ပခုက္ကူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့်ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးတို့သည် မောင်းပြန်သေနတ် ငါးလက်၊ ပစ္စတိုသေနတ်တစ်လက်နှင့်အတူ  သက်ဆိုင်ရာတာဝန်ရှိသူများထံ လက်နက်များအပ်နှံပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြသည်။ မောင်းပြန်သေနတ်ဖြင့် အလင်းဝင်လာသူ ငါးဦးအားတစ်ဦးလျှင် ဆုကြေးငွေကျပ်သိန်း ၅၀၊ ပစ္စတိုသေနတ်ဖြင့် ဝင်လာသူတစ်ဦးအား ဆုကြေးငွေကျပ် ၂၅ သိန်း၊ လက်နက်မဲ့အလင်းဝင်လာသူ ငါးဦးအား တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ စီထောက်ပံ့ပေးအပ်ခဲ့သည်။  ဝန်ခံကတိလက်မှတ် ရေးထိုး စေပြီးနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်သူများနှင့် ပတ်သက်၍ နေ့စဉ်သတင်းများ ဖော်ပြပေးလျက်ရှိသည်။ အထက်ပါသတင်းမှာ သတင်းများစွာထဲက ကောက်နုတ်ဖော်ပြခြင်းသာ ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်နှင့် ပြည်သူအတွက် နူးညံ့သိမ်မွေ့ပျော့ပျောင်းသော မေတ္တာ၊ စေတနာအမှန်ကို သိရှိလာကြပြီဖြစ်သည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ  ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်းသို့ နေ့စဉ်နှင့်အမျှ ပြန်လည်ဝင်ရောက်နေသည်။  ဤသည်မှာ  မိဘများအတွက် သားသမီးများ ရွှေအိုးထမ်းလာသည်ကို မြင်ရသည်နှင့်တူလှပါကြောင်း ရေးသားလိုက်ရပေသည်။    ။