ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီးသို့ တစ်ခါတစ်ခေါက် လာရောက် ဖူးမြော်စေလို

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီးသို့ တစ်ခါတစ်ခေါက် လာရောက် ဖူးမြော်စေလို

    သမိုင်းဝင်ဆုတောင်းပြည့်မန်ဆူ စေတီတော်မြတ်ကြီးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့  ရပ်ကွက်(၁၂)-သိန်းနီ-ကွတ်ခိုင် - မူဆယ် - ကွမ်းလုံ - ဟိုပန်-လောက်ကိုင်သွား ပြည်ထောင်စုလမ်းမကြီး ဘေးရှိ “မဏိသေလပဗ္ဗတ” အမည်ရှိတောင်ကုန်းပေါ်၌ ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပာယ်စွာတည်ရှိနေသည်။

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်ကြီးဟု ဆိုရာဝယ်

    မန်ဆူ စေတီတော်မြတ်ကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ ကျော် ကုန်းဘောင် ခေတ်ဦးက တည်ထား ကိုးကွယ်ခဲ့ကြသည် ဟုသိရသည်။ “မန်ဆူ” ဆိုသည့် စကားမှာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာဘာသာဖြင့် ချစ်မြတ်နိုးသည့်နေရာဟု  အဓိပ္ပာယ်ရကြောင်းသိရသည်။

လားရှိုးမြို့ဟူ၍  မဖြစ်တည်သေးဘဲ လားရှိုးကြီးဟူသည့် ရွာကလေးသာ ရှိစဉ်အခါက တရုတ်-မြန်မာစစ်ပွဲ အတွင်း မန်ချူးတပ်တွေက  ရှမ်းပြည်နယ်(မြောက်ပိုင်း)  သိန်းနီမြို့ကို   သိမ်းပိုက်ခဲ့ကြပြီး  မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီလာချိန်တွင် မြန်မာဘုရင်၏တပ်တွေက  လားရှိုးမြို့ကိုရောက်လာကာ မြို့တွင်း အချက်အချာကျသည့်  အဝင်အထွက် မြင်ကွင်းကောင်းသည့် တောင်ကုန်း သုံးခု၌ တပ်စွဲခဲ့ကြရာ မန်ဆူစေတီတော်ကြီး တည်ရှိရာ  မဏိသေလပဗ္ဗတ   တောင်ကုန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်ဟု  သမိုင်းမှတ်တမ်းတွေအရ လေ့လာသိရှိရသည်။

သိန်းနီရှမ်းစော်ဘွားကြီးနှင့် တိုင်းရင်းသား တပ်ပေါင်းစုရဲ့အင်အား

    မန်ချူးတရုတ် တပ်ရန်ကိုကာကွယ်ရန် မြန်မာဘုရင့်တပ်တော်သို့  စစ်ရေးစွမ်းရည် ပြည့်စုံသည့် မြောက်သိန်းနီရှမ်းစော်ဘွားကြီး၏ ရှမ်းတပ်စုအပြင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် တပ်ပေါင်းစုက မန်ဆူစေတီတော်ကြီး တောင်ကုန်းတွင် လာရောက် ပူးပေါင်းကြရင်း လက်ရှိသီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းဝင်းအတွင်းနှင့်  မန်နားရွာဝန်းကျင် တာပုံရွာမှနမ့်ယော်ချောင်း အတွင်းဘက်အထိ အင်နှင့်အားနှင့် တပ်စွဲထားခဲ့ကြကြောင်း၊ တရုတ်မန်ချူးတပ်များက  မြန်မာဘုရင်တပ်ကို တိုက်ခိုက်ရန် ကြိုတင်သတင်း လာရောက်စုံစမ်းရာ များပြားလှသည့် သိန်းနီစော်ဘွားရဲ့ စုပေါင်းတပ်တော်ကို မြင်တွေ့ခဲ့ရသည့်အတွက် စစ်မတိုက်တော့ဘဲ တာပုံရွာမှနောက်ကြောင်း ပြန်လှည့်ဆုတ်ခွာသွားခဲ့ကြောင်း ရှေးလူကြီးများ၏ ပြောစကားအရ  သိရသည်။

မန်ဆူစေတီတော်ကြီးအစ သိန်းနီစော်ဘွားကြီးနှင့် ပြည်သူအများ ကုသိုလ်

၁၁၄၅ ခုနှစ်တွင် လားရှိုးမြို့ပေါ်၌ တပ်စွဲနေခဲ့သည့်  မြန်မာဘုရင့်တပ်တော်ကြီး တပ်စခန်းချခဲ့ရာ  တောင်ကုန်းလေးကို မြေထပ်ဖို့ပြီး စေတီငယ်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်။

စော်ဘွားကြီး၏ တပ်တော်သားများနှင့် အတူ ရှမ်းတိုင်းရင်းသား ပြည်သူများက စေတီတော်မြေဖို့ရန် မန်ကောင်းတောင်ကုန်းကိုဖြိုဖျက်ပြီး မြေကိုနွားလှည်းများဖြင့်သယ်လာကြကြောင်း၊ အချို့ကိုခိုလောင်းအရပ်နှင့် ပန်အုပ်အရပ်တွင်မြေအုတ်များ ဖုတ်ပြီး စေတီတော်တည်ရန် လုပ်ကိုင်ခဲ့ကြကြောင်းနှင့်  မန်ဆူစေတီတော်ကို  တည်ထားပြီးနောက် ဘုရားဒါယကာမှာ မည်သူမည်ဝါဟု မှတ်တမ်းရေးထိုးခဲ့ခြင်း  မရှိကြောင်းသိရသည်။

မန်ဆူစေတီတော်ကြီးမှာ အရံစေတီတော်ပေါင်း (၄၄)ဆူရှိ

    သမိုင်းဝင်မန်ဆူ ရှေးဟောင်းစေတီတော်မြတ်ကြီးသည် တစ်မူထူးခြားသည့်ပုံစံဖြင့် တောင်ကုန်းပေါ်တွင် တည်ရှိသည်။ အမြင့်ရှစ်ပေရှိ ဖိနပ်တော်အောက်ခံလျက် ဂန္ဓကုဋိ တိုက်ကြီးတည်ထားပြီး ဂန္ဓကုဋိတိုက်ကြီးရဲ့ အထက်မှာ ပစ္စယံသုံးဆင့်ရှိပြီး အပေါ်မှ စေတီတော်ကို  တည်ထားသည့်အတွက် စေတီတော်မှာ တစ်မျိုးတစ်ဘာသာ ထူးခြား သပ္ပာယ်နေပေသည်။

ထို့ပြင် မြေပြင်မှ ၁၁၇ ပေ အမြင့်မှာရှိပြီး ဖိနပ်တော်မှ စိန်ဖူးတော်အထိ ၁၀၈ ပေ ဂြိုဟ်၈ ခွင် မုခ် ၈ မုခ်ရှိပြီး  ဘုရားရင်ပြင်တော်ပေါ်တွင် အရံစေတီတော် ၁၂ ဆူ၊ ဖိနပ်တော်ပေါ်မှာ ၁၆ ဆူ၊ ဂန္ဓကုဋိတိုက်ပေါ်တွင် ၁၆ ဆူ ပေါင်း ၄၄ ဆူ ဝန်းပတ်ထားသည်ဟု စေတီတော်မှတ်တမ်းများအရ သိရသည်။

ပွဲစားကြီးဦးတင်နှင့် ဇနီး ဒေါ်နန်းရီတို့က လှူဒါန်းခဲ့တဲ့ မူလစိန်ဖူးတော်ဟာ လုံးပတ်(၁၁)လက်မ၊ ဉာဏ်တော် (၁၁)လက်မရှိပြီး ထီးတော်မှာ လုံးပတ် (၁၄)ပေ (၃)လက်မဖြစ်တယ်လို့ သိရပါတယ်။ ၁၂၆၆ ခု သက္ကရာဇ်  ၁၉၀၄  ခုနှစ်မှာ  မန်ဆူစေတီတော်ကို မိုးကြိုးခခဲ့ရာ ပြိုကျပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ပြိုပျက် ရာက ပိန္နဲတိုင်ပေါ်ထွက်လာခဲ့ကြောင်း၊ ထိုပိန္နဲတိုင်ပေါ်မှာ သက္ကရာဇ် ၁၁၂၄ အေဒီ၁၇၆၂ ခုနှစ်တွင်  သိန်းနီစော်ဘွားကြီးနှင့် ပြည်သူတို့က ပထမဆုံးအကြိမ် ပြုပြင်သည်ဟူသော  စာတန်းပါသည်။                     

မန်ဆူစေတီတော်ကြီးကို (၉) ကြိမ်တိုင်တိုင်ပြင်ဆင်ခဲ့ကြဟုဆို

    ဒုတိယအကြိမ်ပြင်သူ အလှူရှင်မှာ အမတ်ကြီးဦးပေါ်ဦးဖြစ်သည်။ ထိုစဉ်က  အမတ်ကြီး ဦးပေါ်ဦးကို   ရွှေနန်းရှင် မင်းတရားကြီးက    စိတ်တော်ကွက်၍ မြောက်သိန်းနီကို   စေလွှတ်လိုက်ရာ အမတ်ကြီးဦးပေါ်ဦးက  ရှမ်းပြည်တွင် နေထိုင်စဉ်   မန်ဆူစေတီတော်ကြီးကို သက္ကရာဇ် ၁၁၇၅ ခုနှစ် အေဒီ ၁၈၁၂  ခုနှစ်မှာ ဒုတိယအကြိမ်ပြုပြင်ခဲ့သည်။

ထို့နောက်  ၂၂ နှစ်အကြာတွင် တတိယအကြိမ် ပြင်ဆင်သည့် အလှူ့ဒါယကာမှာလည်း အမတ်ကြီး ဦးပေါ်ဦးပင်ဖြစ်သည်။ သက္ကရာဇ် ၁၁၉၇  အေဒီ ၁၈၃၄ ခုနှစ် ကဆုန်လမှာ မန်ဆူစေတီတော်ကြီးကို ထပ်မံပြင်ဆင်မှု ထပ်မံလုပ်တယ်။ ဒါ့အပြင် စာတန်းခြောက်ခုပါသော ကြေးခေါင်း လောင်းကြီးတစ်လုံးကို   လှူဒါန်းခဲ့ရာ ယနေ့တိုင် အရှေ့ဘက်မုခ်လှေကားအတက် အဆင်းနေရာမှာ  တွေ့မြင်နေရဆဲပင် ဖြစ်သည်။

စေတီတော်ကြီးကိုမိုးကြိုးခပြီး ပြိုပျက်

    သက္ကရာဇ် ၁၂၆၆ အေဒီ ၁၉၀၄ ခုနှစ်တွင်   မိုးကြိုးထိမှန်ခဲ့ရာ  စနေနှင့် ဗုဒ္ဓဟူးထောင့်နေရာ စေတီတော်ကြီးများစွာပျက်စီးခဲ့ပြီး ထီးတော်အပါအဝင် ကြာလန်ကြာမှောက်အဆင့်ထိ   ပြိုကျပျက်စီးခဲ့သည်။

စေတီတော်ကြီးပျက်စီးပြီး သုံးနှစ်အကြာတွင် စတုတ္ထအကြိမ်အဖြစ် ပြုပြင်သူများ ရှိလာခဲ့သည်။ ပြုပြင်သူများက ၁၂၆၉ ခုနှစ် ၁၉၀၇ ခုနှစ်မှာ လားရှိုးမြို့သား ခွန်ကြယ် ဦးဖိုးဦးတို့က ခေါင်းဆောင်ပြီး လားရှိုးမြို့သူမြို့သားတွေက ပြုပြင်ခဲ့ကြတယ်။ ဂန္ဓကုဋိ တိုက်ကိုပြင်ဆင်ပြီး ရင်ပြင်တော်မိုးကြိုး ထိမှန်ခဲ့တဲ့နေရာတွေကို အုတ်တွေနဲ့ အစားထိုးခဲ့ကြောင်း ရင်ပြင်တော်ပေါ်က စေတီတော်တွေကိုပြန်လည် မွမ်းမံပြင်ဆင်ခဲ့တဲ့အပြင်ထီးတော်အသစ် စိန်ဖူးတော်အသစ်တင် လှူခဲ့တယ်။ ထီးတော်အသစ်ရဲ့ အလှူရှင်သည် လားရှိုးမြို့ ခါးရိုးရပ်နေ ပူလွယ်ပနှင့် ဇနီးဒေါ်ဝိုင်းဖြစ်ကြောင်း  စိန်ဖူးတော်၏ အလှူရှင်မှာ လားရှိုးကြီးမှ ပွဲစားကြီးဦးတင်နှင့်ဇနီးဒေါ်နန်းရီတို့ဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။

ပÍ္စမအကြိမ်ပြုပြင်သူများက လွယ်ရိုးဈေးကြီးမှ  ပန်းထိမ်ဆရာကြီး ဆရာဦး၊လက်သမားဆရာဦးချုပ်၊ ဦးမြစ်၊ ဦးမောင်စတဲ့ ဗုဒ္ဓဝေယျာဝစ္စအာရုံတော် အသင်းက စေတီပေါင်း ၄၄ ဆူကို ပြုပြင်ခြင်း၊ ရုပ်ပွားဆင်းတုတော်များ ပြန်လည်ပြင်ဆင်ခြင်း၊ အာရုံခံဇရပ်ဆောက်လုပ်ခြင်းနှင့် ထီးတော်ကြီးကို ရွှေချခဲ့ကြတယ်။

ဆရာဦးတို့ပြုပြင်ပြီးနောက် ၂၆ နှစ်ကြာ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ မန်ဆူစေတီတော်ကြီးကို ဆဋ္ဌမအကြိမ် ပြုပြင်ခဲ့တာလို့ဆိုပါတယ်။

ဆဋ္ဌမအကြိမ်အဖြစ်  လားရှိုးမြို့ရှိ ဗုဒ္ဓဝေယျာဝစ္စ   အာရုံတော်အသင်းက ဦးမှဲ့၊ ဦးဘို၊ ဦးစောလှတို့ ခေါင်းဆောင်တဲ့အဖွဲ့ လွယ်ရိုးဈေးသူဈေးသားများလို့ မှတ်သားရပါတယ်။ အကြီးအကျယ်ပြုပြင်ခဲ့ကြတယ်။ ပြိုပျက်နေတဲ့ ထီးတော် ၄၅ဆူ၊ ဘုရားဆင်းတုတော်တွေအပြင် ဖိနပ်တော်မှအစဘိလပ်မြေ အသစ်ခင်းတယ်။

ရင်ပြင်တော်ပေါ် သမံတလင်းခင်းတယ်။ ဥပုဒ်ဇရပ်တစ်ဆောင်ဆောက်တယ်။

လှေကားပြင်ဆင်တယ်။ ဒါ့အပြင် စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့တယ်။

အဲဒီ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကာလကစပြီး  မန်ဆူစေတီတော်ကြီးမှာ မဟာဒုက်  စာရေးတံမဲပွဲကို စတင်ကျင်းပနိုင်ခဲ့တာ လက်ရှိကာလအထိ နှစ်တိုင်း တပေါင်းလပြည့်နေ့အထိ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတ္တမအကြိမ်အဖြစ် သက္ကရာဇ် ၁၂၈၄ အေဒီ ၁၉၂၂ မှာ မန်ဆူစေတီတော်ကြီးမှာ ကျောက်တံခွန်တိုင် စိုက်ထူခဲ့ပြီး လွယ်ရိုး ဈေးသူဈေးသားများ စုပေါင်းလှူသည့် တစ်ပဲဇရပ် ဆောက်လုပ်နိုင်ခဲ့တယ်။

၁၉၅၅ ခုနှစ်မှာ အဋ္ဌမအကြိမ်အဖြစ် ဓမ္မကထိကဦးတေဇနိယက ပြင်ဆင်ခဲ့တယ်။

စေတီတော်ရင်ပြင်တစ်ခုလုံးကို ကျောက်များ၊ အုတ်များဖြင့်ခင်းတယ်။  သုံးမျက်နှာမှာ လှေကားတပ်ဆင်ပြီး အုတ်ရေကန်တည်ဆောက်ခြင်းများကို  ပြုလုပ်ခဲ့တယ်လို့ မှတ်သားရပါတယ်။

နဝမအကြိမ်အဖြစ်  ၁၉၆၀  ပြည့်နှစ်မှာ ဗုဒ္ဓဝေယျာဝစ္စ  အာရုံတော်အသင်းမှ ဦးဘမောင်က  ခေါင်းဆောင်ပြီး ဂန္ဓကုဋိတိုက်ကို ၁၅ လက်မအုတ်များဖြင့် တိုးချဲ့မွမ်းမံခြင်း၊ ဘုရားလိုဏ်ဂူတော်  သုံးမျက်နှာ နုတ်သိမ်းကာ  ရုပ်ပွားတော် အသစ်များဖြင့် ထည့်သွင်းပူဇော်ခြင်း ဝန်ကြီးချုပ်ဟောင်း သခင်နုလှူဒါန်းလိုက်သည့်   စကျင်ကျောက်ဆင်းတုတော် သုံးဆူကို အသစ်ဖောက်ထားသည့် လိုဏ်အတွင်း အပူဇော် ခံခြင်း၊ ထီးတော်ကိုရွှေချခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည်။

နိုင်ငံတော်အစိုးရမှပြုပြင် မွမ်းမံခြင်းများ

    ၁၉၆၆ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဇရပ်အဟောင်းများပြုပြင်ခြင်း ပြုလုပ်ခဲ့ပြီးဒုတိယအကြိမ် မန်ဆူစေတီတော်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခဲ့သည်ဟု သိရပါသည်။

(၁၄-၂-၁၉၇၂)ခုနှစ်မှာ  မန်ဆူစေတီတော်မြတ်ကြီးကို တတိယအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့တယ်လို့ သမိုင်းပါမောက္ခ ဦးကျော်ဝင်း ရေးသားချက်အရ မှတ်သားမိရပါတယ်။

၂၀၀၈ ခုနှစ်မှာ   မန်ဆူစေတီတော်မြတ်ကြီးကို စတုတ္ထအကြိမ် လုံးတော်ပြည့် ကြေးပြားခံ ရွှေသင်္ကန်း ကပ်လှူခဲ့တယ်။

စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်၊ ဘုံအဆင့်တို့ကို ရွှေသင်္ကန်း ကပ်လှူခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ အလှူရှင်  လားရှိုးမြို့  အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်သန်းထွဋ်နှင့်ဇနီး    ဒေါ်ချယ်ရီ မိသားစုတို့က လှူဒါန်းတယ်လို့ မန်ဆူစေတီတော်မြတ်ကြီး၏   တနင်္ဂနွေထောင့်ရှိ ကမ္ပည်းကျောက်စာမှာ  ဖော်ပြထားတာတွေ့ရပါတယ်။

    စိန်ဖူးတော်အသစ်တင်လှူ ပူဇော်

    သမိုင်းဝင်ရှေးဟောင်း ဆုတောင်းပြည့် မန်ဆူစေတီတော်ကြီးကို စိန်ဖူးတော်အသစ် တင်လှူပူဇော်ခဲ့ပါတယ်။  စိန်ဖူးတော် အလှူ့ဒါယကာမှာ  လားရှိုးမြို့  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်နိုင်နိုင်ဦးနှင့် ဇနီး ဗိုလ်ကြီးကြည်နွယ်ဦး (ငြိမ်း) မိသားစုဖြစ်ပြီး၂၀၂၃ ခုနှစ် မေ ၂၇ ရက် နံနက် ၆ နာရီခွဲမှာ မင်္ဂလာအခမ်းအနားနဲ့ တင်လှူပူဇော်ခဲ့ပါတယ်။

စိန်ဖူးတော်နဲ့အတူ ငှက်မြတ်နားတော်ကို အသစ်တင်လှူခဲ့ပါတယ်။ စေတီတော်ကြီး  လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ပါတယ်။ ၂၀၂၃  ခုနှစ် မေ ၃ ရက်မှာ စေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာတင် လှူဒါန်းပြီး လှူဒါန်းမှုအစုစုကို   ရေစက်သွန်းချ အမျှဝေခဲ့ပါတယ်။

တင်လှူပူဇော်ခဲ့သည့် စိန်ဖူးတော်မှာ  လုံးပတ်၄ လက်မခွဲ၊  ဉာဏ်တော် ၂၇ လက်မ၊ ငှက်မြတ်နားတော် ၁ ပေခွဲဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလမတိုင်ခင်က  မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးကားလေး၊ ကားကြီးတွေနဲ့ ရောက်လာကြပြီး တချို့က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဆရာတော်ကို ကန်တော့ကြတယ်။ မန်ဆူရှမ်းကျောင်းမှာ ညအိပ်ကြတယ်။   မန်ဆူစေတီတော် အပါအဝင်  လားရှိုးမြို့ပေါ်က အထင်ကရ ဘုရားတွေ လှည့်ပတ်ဖူးကြတယ်။ ရေပူစမ်းနဲ့ရေကျတွေလိုဏ်ဂူတွေ၊ ရေအေးချောင်းနံဘေးက စားသောက်ဆိုင်တွေဆီလည်ပတ်ကြ၊  အနားယူအပန်းဖြေကြတာ   မြင်တွေ့ရပါတယ်။

လားရှိုးမြို့ရှိ မန်ဆူရှေးဟောင်း သမိုင်းဝင် စေတီတော်မြတ်ကြီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၏ အထင်ကရ ကျက်သရေဆောင် စေတီတော်ကြီးဖြစ်ပြီး သိန်းနီစော်ဘွားကြီးနှင့် ရှမ်းတိုင်းရင်းသား နယ်သူနယ်သားများက  လက်တွဲညီညီ ချစ်ခင်စွာဖြင့်  ကျူးကျော်လာသည့် မန်ချူးတပ်၏ ရန်ကို ကာကွယ်နိုင်ခဲ့ကြခြင်းမှာ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှု ချစ်ခင်မှုကို  ပုံဖော်ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်

သာ။

မန်ဆူစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဆုတောင်းပြည့်သည် ဟူသော ဆိုစကားရှိခဲ့ပြီး ဆုတောင်းပြည့် ခဲ့သူများလည်း မရေမတွက်နိုင်အောင် ရှိတာမို့   လားရှိုးမြို့ရှိ   ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်  မန်ဆူစေတီတော်မြတ်ကြီးဆီ   တစ်ခါတစ်ခေါက်  လာရောက်လို့   ဖူးမြော်စေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။   ။

မမ(လားရှိုး)