အသင်းပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ရန် မဖြစ်မနေလိုအပ်နေဟု ပီကေးဆို

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းသည် နိုဝင်ဘာ ၄ ရက်ညက ဒိုင်နမိုကိဗ်နှင့်ချန်ပီယံလိဂ် အိမ်ကွင်းပွဲတွင် ပီကေးနှင့် မက်ဆီတို့၏ ဂိုးများကြောင့် ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒိုင်နမိုကိဗ်ကို ခက်ခဲစွာကစားခဲ့ရပြီး ဂိုးသမားတာစတီဂန်က အပိုင်အခွင့်အရေး ခြောက်ကြိမ်ကို ကာကွယ်နိုင်ခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲစပြီး ငါးမိနစ်မှာပင် ဘာစီလိုနာအသင်း ရရှိသော ပယ်နယ်တီကို မက်ဆီကသွင်းယူပြီး ပွဲချိန် ၆၅ မိနစ်တွင် ပီကေးက နောက်တစ်ဂိုး သွင်းယူကာ ပွဲချိန် ၇၅ မိနစ်တွင် ဒိုင်နမိုကိဗ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ပွဲရခဲ့သော်လည်း  ကွင်းပြင်ပ အသင်း အရေးကိစ္စများသည် လှုပ်ခတ်မှုများစွာရှိနေ သကဲ့သို့ တစ်နှစ်ထက် တစ်နှစ် အသင်းတွင် ဆိုးရွားမှုများက   ပိုပိုတိုးလာခြင်းကြောင့် မကြာမီ ဘာစီလိုနာအသင်းအနေဖြင့် ပြင် ဆင်ပြောင်းလဲမှုများ မဖြစ်မနေလုပ်ရတော့မည်ဟု ပီကေးကပွဲအပြီးတွင်ပြောသည်။ အသင်းဥက္ကဋ္ဌ ဘာတိုမီယူ နှင့်  ဘုတ်အဖွဲ့ဝင်များ နုတ်ထွက်သွားသည်မှာ မကြာသေးဘဲ ပီကေးက “နှစ်တိုင်း အသင်းကဆိုးရွားမှုတွေ  တိုးတိုးလာတယ်။ ဘာစီလိုနာလိုအသင်းအတွက် ပြောင်းလဲမှုလုပ်ဖို့ လိုအပ်နေပြီ” ဟု ပြောသည်။

Ref:Marca