အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားနိုင်ငံရေး

အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားနိုင်ငံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၂၁ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၁၆ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံး ၊ ဌာနအသီးသီးမှ အရာရှိငယ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “မိမိတို့ကိုပေးအပ်လာသည့်  တာဝန်များကို ထမ်းဆောင်ရာ၌ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိအလုပ်ကို သစ္စာရှိရမည်၊ မိမိမိသားစုကို သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို၊ မိမိတပ်မတော်အပေါ်၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်၊ ခံယူချက်မြင့်မားရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် ရည်မှန်းချက်များရှိကြကြောင်း၊ ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားတိုင်းသည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒများဖြင့် တပ်မတော်သို့ ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။ တပ်မတော်သို့ဝင်ရောက်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်းခြင်း မဟုတ်ကြောင်း တပ်မတော်သား အားလုံးအသိပင် ဖြစ်သည်။ နိုင်ငံတော်ကိုချစ်သည့် စိတ်ဖြင့်  ငါ့နိုင်ငံတော်၊  ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုပင် စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုထား ကြသူများ ဖြစ်သည်။ တပ်မတော်သားအဖြစ်သို့ ရောက်ရှိကြသည်နှင့် အထက်ကပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရင်း မိမိတို့၏ ဘဝတိုးတက်လမ်းကိုလည်း မျှော်မှန်းကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်သည်။

လူတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး တိုးတက်မှုများဖြစ်ပေါ်ရေးအတွက် အဓိကလိုအပ်ချက် သည်အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ်လေ့လာ အားထုတ်ကြိုးစား လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ မိမိဘဝအတွက် အကျိုးဖြစ်စေမည့် စာပေဗဟုသုတ၊ ဘာသာစကားနှင့် နည်းပညာဆိုင်ရာ များကို လေ့လာသင်ယူနေကြရမည် ဖြစ်သည်။ ထို့ပြင် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ ဆိုသည့် စစ်သည်တော်ကျင့်ဝတ်အတိုင်း သင့်တင့်လျောက်ပတ်သည့် ကိုယ်ခန္ဓာသွင်ပြင်နှင့် ကျန်းမာ ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ညီညွတ်မျှတသည့် နေထိုင်စားသောက်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှု ရှိရမည်ဖြစ်သည်။

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်သည် မရှိမဖြစ်ရှိနေရမည့်အရာဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေအနေများမှာ တူညီမှုရှိမည်မဟုတ်ပေ။ နယ်ချဲ့နိုင်ငံများ၊ ကိုလိုနီပြုခြင်းခံခဲ့ရသည့် နိုင်ငံများနှင့်   ကိုလိုနီပြုခြင်း မခံခဲ့ရသည့်နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်။ မြန်မာနိုင်ငံသည် ကိုလိုနီပြုခြင်း ခံခဲ့ရသည့်နိုင်ငံများတွင် ပါဝင်သည်။ ကိုလိုနီအဖြစ် ကျရောက်ခဲ့ရသော အကြောင်းရင်းများစွာရှိသည့် အနက် တပ်မတော်အင်အားမရှိ၍ ကိုလိုနီဖြစ်ရခြင်းမှာလည်း အကြောင်းတစ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိပြီး ဒေသအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားမှုများ ရှိကြသည်။ သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ တူညီမှုမရှိကြဘဲ တောင်တန်းဒေသနှင့် ပြည်မဒေသတို့သည် ရာသီဥတု၊ မြေအနေအထား၊ လမ်းပန်း ဆက်သွယ်မှု၊ ပညာရေးနှင့် ကူးလူးဆက်ဆံမှုများ ကွာခြားမှုရှိသဖြင့် တစ်ပြေးညီ တိုးတက်ခြင်းမရှိပေ။    ကိုလိုနီပြုခြင်းခံခဲ့ရချိန်တွင်လည်း ပြည်မတွင်ရှိသည့် တိုင်းရင်းသားများနှင့် တောင်တန်းဒေသရှိ တိုင်းရင်းသားများ ကွဲပြားခြားနားမှုရှိအောင် နယ်ချဲ့တို့ကဆောင်ရွက်ခဲ့သည်။ တောင်တန်း-ပြည်မသွေး ခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေခဲ့သည်။ ကိုလိုနီလက်အောက်မှ ရုန်းထွက်ချိန်တွင် ပညာတတ်များနည်းပါးခြင်းနှင့် စုစည်းညီညွတ်သည့်အားများ နည်းပါးမှုများရှိခဲ့၍ လွတ်လပ်ရေးကို ခက်ခဲစွာကြိုးပမ်းရယူခဲ့ရသည်။

တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းပြည်တွင် အခက်အခဲနှင့်ကြုံတိုင်း တပ်မတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးရသည်။ တပ်မတော်သားများသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နေသူများ၊ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်နေသူများဖြစ်သည့်အတွက် ခေတ်အဆက်ဆက် နိုင်ငံ၏သမိုင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်လှသည်။ နိုင်ငံ၏သမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိထားမှသာ မိမိတို့၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။

နိုင်ငံ၏ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသား နိုင်ငံရေးမှာ သမိုင်းနှင့်ချီ၍ ဖြစ်ပေါ်လာခဲ့သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သားများသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေသူများ၊ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပေရာ မိမိတို့တစ်ဦးချင်း ဘဝတိုးတက်မြင့်မားရေးကိုလည်း ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။