မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟု ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေမှုသတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟု ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေမှုသတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

    အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းမှာ ထည့်မယ်လို့ ထင်မြင်ချက် အမျိုးမျိုး ထွက်ပေါ်နေမှု သတင်းများနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က အခုလို ဖြေကြားထားပါတယ်။

    ထိုင်း TVS သတင်းက ဒီနေ့ထွက်လာတဲ့သတင်းပေါ့လေ။ အမေရိကန်အနေနဲ့ကတော့ ခုအချိန်အထိ တရားဝင် ထုတ်ပြန်တာတော့မတွေ့ သေးပါဘူး။ ပထမအချက်ပြောလိုတာကတော့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ တစ်ဖက်သတ်စီးပွားရေး ပိတ်ဆို့မှုတွေဆောင်ရွက်လျှက် ရှိတယ်။ ဒီနေ့သတင်း ထွက်ပေါ်လာတာပေါ့။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB ရယ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တွေကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းသွင်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပေါ့။ ဒါနဲ့ပတ်သက်ပြီး နံပါတ်တစ်အချက် ပြောလိုတာကတော့ အရင်တုန်းကလည်း အဲလိုမျိုးအရေးယူ ပိတ်ဆို့မှုတွေကြုံခဲ့ရပါတယ်။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်က နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းတွေကို ယခင်တုန်း ကလည်း စနစ်တကျ ဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငံပိုင်ဘဏ်တွေ အနေနဲ့လည်း ဘဏ်လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျှက်ရှိတယ်။ ဒီဘဏ်တွေအနေနဲ့ ကတော့ အမေရိကန်အခြေစိုက်တဲ့ ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေ စာရင်းဖွင့်ဆောင်ရွက်နေတာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် နံပါတ်တစ် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့  ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေကို စနစ်တကျ ဆက်လက် ဆောင်ရွက်သွားပါမယ်။ နံပါတ်နှစ်အချက်ကတော့ မိဘပြည်သူတွေကို အသိပေး လိုတာကတော့ အဲဒီထွက်ပေါ်နေတဲ့ သတင်းနေနဲ့ပတ်သက်ပြီးတော့ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ မိဘပြည်သူများ စိုးရိမ်ကြောင့်ကျ ပူပန်မှုမရှိဖို့ ကျွန်တော့်အနေနဲ့အသိပေးလိုပါတယ်။

    ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်ထဲကဘဲ ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်များနဲ့ ဘဏ်ခွဲတွေကနေ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နိုင်ငံခြားသုံးငွေတွေ လွှဲပြောင်းတာ၊ ပေးပို့တာ လက်ခံတဲ့ကိစ္စတွေ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ လစာလွှဲပို့ခြင်း ကိစ္စရပ်များကို အဆင်ပြေအောင် ဆက်လက်ဆောင်ရွက်ပေးသွားမယ်။ ပူပန်စရာမလိုဘူးလို့ဘဲ ပြောလိုပါတယ်။ လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံ အနေနဲ့ကတော့ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၁ မှာပါတဲ့ အတိုင်း လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးတို့ကို ကျင့်သုံးလျှက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ကလည်း နိုင်ငံတိုင်းနှင့် မိတ်ဖက်ချစ်ကြည် ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမယ်ဆိုတာကို မကြာခဏပြောကြားပြီးဖြစ်တယ်။ သူတို့ဘာကြောင့်လဲဆိုတာ လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့စွပ်စွဲချက် ပေါ့ဗျာ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေ ဝင်ရောက်မှု ကန့်သတ်ဖို့ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ခုနပြောတဲ့ နိုင်ငံခြားမူဝါဒအပေါ်မှာ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးရည်မှန်းချက် အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ အမြဲတမ်းပြောကြားခဲ့တယ်။ စစ်မှန်ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတယ်။

    နောက်တစ်ချက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာခံထားတယ်။ ဒီဟာကိုဘဲ ကျွန်တော်တို့သွားမယ်လို့ ပြောပြီးသားဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ကျွန်တော်တို့ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရရော၊ နိုင်ငံရေးအရ အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်။ ကျွန်တော်မေးခွန်း ထုတ်ချင် တာကတော့ သူတို့အနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ ပြီးရင် ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို သွားမယ်လို့ အတိအလင်းပြော ထားတာမဟုတ်ဘူး။ ဒီဟာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေ တာဘဲဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ထင်တယ်။ ဒီလိုမျိုး လုပ်နိုင်ခြင်းဟာ ကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေ လိုလားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြံ့ကြာမှုတွေဖြစ်စေနိုင် တယ်လို့ဘဲ ကျွန်တော်မြင်ပါတယ်။