ကြိုတင်ကာကွယ် မူးယစ်အန္တရာယ်
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇွန် ၂၂ ရက်)
လူသားတို့၏ရန်သူများတွင် မူးယစ်ဆေးဝါးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မူးယစ်ဆေးဝါးဆိုသည်မှာ သုံးစွဲသူတို့၏ ဦးနှောက်နှင့်ဗဟို အာရုံကြောကို ထိခိုက်ထုံထိုင်း မူးယစ်စေသည်။ စိတ်ခံစားမှုအာရုံများကို လွဲမှားဖြစ်ပေါ်စေသည်။ ခန္ဓာကိုယ်ကို တစ်နည်းအားဖြင့် အန္တရာယ်ဖြစ်စေပြီး နောက်ထပ်မသုံးစွဲရလျှင် မနေနိုင်အောင် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်စေသည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်း အကြောင်းရင်းများကို လေ့လာကြည့်လျှင် ကိုယ်တိုင်စူးစမ်းလို၍ သုံးစွဲခြင်း၊ ခံစားမှုအသစ်ကိုလိုချင်၍ စမ်းသပ်လိုခြင်း၊ အပေါင်းအသင်း ဆွဲဆောင်မှုကြောင့် သုံးစွဲခြင်း၊ အပန်းဖြေပျော်ရွှင်လိုသဖြင့် သုံးစွဲခြင်း၊ ငွေကြေးအဆမတန် ချမ်းသာနေ၍သုံးစွဲခြင်း၊ ဘဝအခက်အခဲများကို တစ်ခဏတာ ဖြေဖျောက်လို၍ သုံးစွဲခြင်း၊ နေထိုင်သည့် ပတ်ဝန်းကျင်ပေါ်မူတည်၍ သုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာဗဟုသုတ နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။
မူးယစ်ဆေးဝါး အမျိုးအစားများအား လေ့လာကြည့်လျှင် ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ဆေးခြောက် တို့သည် ဗဟိုအာရုံကြောကို ဖိနှိပ်သော မူးယစ်ဆေးဝါးများဖြစ်သည်။ မက်သာဖက်တမင်း၊ အိုက်စ်၊ အက်တက်စီ၊ ကတ်တမင်းတို့မှာ စိတ်ကြွစေသော မူးယစ်ဆေးဝါးများဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများဖြစ်သည့် အက်စစ်တစ်အင်ဟိုက်ဒရိုက်၊ အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်း၊ ကေဖင်းတို့ကို ပရီကာဆာဟု သတ်မှတ်ထားသည်။
မူးယစ်ဆေးဝါးသုံးစွဲခြင်းမှာ ကောင်းကျိုးမရှိဘဲ ဆိုးကျိုးများသာရှိသည်။ မူးယစ်ဆေးစွဲပြီးနောက် မသုံးစွဲရပါက သုံးစွဲလိုသည့် ဆန္ဒပြင်းထန်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်ပြုလိုစိတ်ဖြစ်ပေါ်ခြင်း၊ သုံးစွဲပြီးနောက် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ မိသားစုနှင့် လုပ်ငန်းများအပေါ် စိတ်ဝင်စားမှု နည်းလာခြင်း၊ အာရုံစူးစိုက်မှု လျော့ပါးလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း၊ ကူးစက်ရောဂါများ ဖြစ်သည့် အသည်းရောင်အသားဝါ၊ ဘီပိုး၊ စီပိုးရောဂါနှင့် AIDS ရောဂါပိုး ကူးစက်ခံရခြင်း၊ ဆေးလွန်သဖြင့် သတိလစ်မေ့မြောခြင်း၊ အသက်ဆုံးရှုံးရခြင်း၊ ရာဇဝတ်မှု ကျူးလွန်တတ်သဖြင့် ဥပဒေအရ အရေးယူခံရခြင်း ဆိုးကျိုးများသာ ကြုံရမည်ဖြစ်သည်။
ဤမျှမကဆိုးလွန်းသော ဆိုးကျိုးများ စုံလှသည့်မူးယစ်ဆေးဝါးကို လူတိုင်းက အသိတရား၊ သတိတရားများထားကာ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ မိဘများအနေဖြင့် မိမိတို့၏မိသားစုဘဝ သာသာယာယာဖြစ်ရန် မိမိတို့၏သားသမီးများကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးရေးကို အစဉ်သတိပြု လုပ်ဆောင်ကြရမည်ဖြစ်သည်။ သားသမီးများ၏ ပြောဆိုသွားလာမှု၊ အပေါင်းအသင်းထားရှိမှုမှအစ မျက်နှာအသွင်အပြင်အဆုံး လေ့လာကြည့်ရှုနေရမည် ဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ ၎င်းတို့၏နေ့စဉ် နေထိုင်ပြုမူပုံကို သတိထား
စောင့်ကြည့်ရမည့်အပြင် မူးယစ်ဆေးဝါးကို သုံးစွဲနေသည်ဟု သံသယရှိပါက အချိန်မီပြုပြင် တားဆီးကြရမည် ဖြစ်သည်။
လူသည် မွေးဖွားလာကတည်းက ပတ်ဝန်းကျင်နှင့် ကင်းကွာနေထိုင်၍ ရသည်မဟုတ်ပါ။ လူမှုပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်ပေါ်လာစေရန်မှာ လူသားတစ်ဦးချင်း ကိုယ်တိုင်က ကြိုးစား တည်ဆောက်ရမည်ဖြစ်သည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းတို့ကို မိမိတို့ပတ်ဝန်းကျင်တွင် လုပ်ဆောင်နေကြောင်းသိရှိလျှင် သက်ဆိုင်ရာသို့ လျှို့ဝှက်သတင်း ပေးကြရမည်ဖြစ်သည်။ အများကောင်းကျိုးအတွက် သတင်းပေးခြင်းမျိုးမှာ လူသားတာဝန် ကျေပွန်ခြင်းဖြစ်သည်။ အကယ်၍ မိမိနှင့်မဆိုင်ဟု သဘောထားကာ လျစ်လျူရှုနေမည်ဆိုပါက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းကို အားပေးခြင်းမျိုးပင်ဖြစ်ပေလိမ့်မည်။ မူးယစ်ဆေးဝါး သုံးစွဲမှု၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် ရာဇဝတ်မှုကို ကျူးလွန်ပေလိမ့်မည်။ ခိုးဆိုးနှိုက်သမားအဖြစ်မှ ဓားပြအဆင့်သို့ ရောက်မည်။ ဓားပြအဆင့်မှနောက်ဆုံးတွင် အကြမ်းဖက် လူသတ်သမားအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
မူးယစ်ဆေးဝါးစဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးအတွက် ငွေကြေးလိုအပ်သည်။ အဆိုပါငွေကြေးရရှိရန်အတွက် ငွေကြေးအနည်းငယ်ပေးကာ လူသတ်ခိုင်းလျှင် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်သည်။ ဤဖြစ်စဉ်များမှာ အကြမ်းဖက်လူသတ်သမားတို့ကို ဖမ်းဆီးရမိတိုင်း တူညီသောအဖြေဖြစ်ပေရာ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် အရင်းခံဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာဟု ဆိုလိုက်သည်နှင့် ယခင်ကဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူထုတ်လုပ်ခြင်းမှာ အဓိကဖြစ်ခဲ့သည်။ ယနေ့တိုးတက်လာသည့် ကာလတွင် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာမှာ လွန်စွာရှုပ်ထွေးလာနေပြီ ဖြစ်သည်။ နိုင်ငံတိုင်းတွင် အကြီးမားဆုံးပြဿနာအဖြစ် ကြုံတွေ့နေရပြီဖြစ်သည်။ အထူးသဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအတွက် ပိုမိုခက်ခဲသွားစေသည့် အချက်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းမှာလည်း အချက်တစ်ချက်ဖြစ်သည်။ မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့များမှလည်း နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်လာသည်ကို ဖမ်းဆီးရမိဖြစ်စဉ်များ အရသိရသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်လာလျှင် ကြိုတင်ကာကွယ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အနာဂတ်၏ အညွန့်အဖူးများဖြစ်ကြသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးရေးအနေဖြင့် အခြေခံသင်ရိုးညွှန်းတမ်းများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး ပညာပေးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်မှာ လွန်စွာကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။