အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ရှိ ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ ပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ရာ မြို့ဦးကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓိက၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် တာဝန် ရှိသူများ၊ ပရဟိတဂေဟာမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့ဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြ သည်။ ထို့နောက် ဒုတိယ တိုင်းမှူးမှ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့ဦးကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းသည့် ထောက်ပံ့ငွေ ၆၄၆၈၀၀၀ ကျပ်အား ပေးအပ်ရာ ပရဟိတဂေဟာကော်မတီမှ တာဝန်ရှိသူတစ်ဦး က လက်ခံရယူသည်။
ယင်းနောက် ဧည့်ပရိတ်သတ်များက ဆရာတော်ထံမှ အနုမောဓနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပေးခဲ့ကြောင်း သတင်းရရှိသည်။