သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၂၂

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေ လွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အမှိုက်များရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် လက်ဝဲဒက်ပြင် ချေကျေးရွာ၌ မြက်ပင်၊ ပေါင်းပင်များရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ တိုးချဲ့ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးပြီး ပြည်နယ်အစိုးရမှ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ လှူဒါန်းပေးခဲ့သည်။

          ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေး ကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ ဝေသာလီရပ်ကွက်ရှိ မင်းထန်နိကာယ ဝေသာလီကျောင်းတိုက်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ အလားတန်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။