ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ  ကျောက်ဖြူ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်ကြားရှိ မြို့လယ်ချောင်းတွင် ပိတ်ဆို့နေသော အမှိုက်များ၊ ဗေဒါပင်များ၊ ခြုံနွယ်ပေါင်းပင် များရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလူထု တို့နှင့်အတူပူးပေါင်း၍ အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ခြင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် လက်ဝဲဒက်ပြင်ချေကျေးရွာအုပ်စုရှိ ပုဂ္ဂလိကငါးမွေးမြူရေးကန်၌ ငါးများစနစ်တကျမွေးမြူထားရှိမှုနှင့် ငါးများဖြစ်ထွန်းနေမှုတို့ကို သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့ပြင် နန်းရာကုန်း ကျေးရွာအုပ်စု၌ တည်ဆောက်ထားသော Cyclone Shelter အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာမူလတန်း(လွန်) နန်းရာကုန်းစာသင်ကျောင်း၌ မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ဒေသခံ ပြည်သူများနှင့် ဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဇွန်  ၂၁ ရက်နှင့် ယနေ့တို့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ တိမ်ညိုကျေးရွာနှင့် နဒင်ကျေးရွာတို့ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများသို့ သွားရောက်၍ စားသောက်ဖွယ်ရာများနှင့် အလှူငွေများ လှူဒါန်းသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးသည် ဇွန်  ၂၁ ရက်နှင့် ယနေ့တို့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ မုန်တိုင်းသင့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။