နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး‌ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး‌ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂ ရက်

          ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား အကြမ်းဖက်သမား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား အကြမ်းဖက်သမား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်နှင့် တစ်ပြေးညီ နေ့/ညမပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်မှုများ၊ တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် ပူးပေါင်းပါဝင်မှုများကြောင့် ပြစ်မှုကျူးလွန်သူ ၂ ဦးနှင့် ဆက်စပ်တရားခံ ကျား ၂ ဦး တို့အား ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်းအား ဇွန်လ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲမှုများ ကျူးလွန်ရာတွင် အဓိကပါဝင်သူ မြင့်ကျော် သည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာကျေးရွာတွင် နေထိုင်ကြောင်း သိရှိရသဖြင့် ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ မြင့်ကျော်သည် လောက်ကိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၎င်း၏နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် Turbo 110 အမျိုးအစား ဆိုင်ကယ်နှင့် ဆိုင်ကယ်စီးဦးထုပ်တို့အား သိမ်းဆည်းရမိခဲ့သည်။

          သို့ဖြစ်၍ မြင့်ကျော် အား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၉ ရက် ညပိုင်းတွင် မြင့်ကျော်အား လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

          အဆိုပါ အကြမ်းဖက်ဖောက်ခွဲမှု ဖြစ်စဉ်များမှ တရားခံများအား စစ်ဆေး ဖော်ထုတ်ချက်အရ ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် ဇဗ္ဗူသီရိမြို့နယ်၊ ရှားတောကျေးရွာနှင့် အလျင်လို ကျေးရွာကြား လမ်းဘေး သစ်ပင်အောက်၌ သိုဝှက်မြှုပ်နှံထားသော CZ-2075 RAMI ပစ္စတို ၁ လက်၊ ၎င်းကျည် ၇ တောင့်တို့အား လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာကျေးရွာရှိ မြင့်ကျော်၏ နေအိမ်မီးဖိုချောင် အတွင်း၌ သိုဝှက်ထားသော Beretta ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၅ တောင့်တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

          ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦးတို့အား ပစ္စတို ၂ လက်၊ ၉ မမကျည် ၂၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြင့်ကျော်သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် စစ်တောင်းမြို့ပြပြောက်ကျားအမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ဇင်ယော် ထံမှ ပစ္စတို ၂ လက်၊ ၉ မမကျည် ၃၀ တောင့်နှင့် လက်ပစ်ဗုံး ၈လုံးတို့အား  ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၂ ကြိမ်ခွဲ၍ သွားရောက်ယူဆောင်ခဲ့ပြီး နေအိမ်၌ သိမ်းဆည်းထားခဲ့ကြောင်း သိရှိရသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စစ်တောင်းမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန် တရားခံဇင်ယော်၏ ခိုင်းစေမှုဖြင့် နေပြည်တော်ကောင်စီနယ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှု ၇ ကြိမ် ဆောင်ရွက် ခဲ့ကြောင်း-

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မြင့်ကျော်နှင့် သက်နိုင်တို့ ၂ ဦးသည် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ ဦးမြငြိမ်း၏ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

မတ်လ ၂ ရက်တွင် မြင့်ကျော်၊ သက်နိုင်နှင့် ရဲနိုင်တို့ ၃ ဦး သည် ဇဗ္ဗူသီရိ မြို့နယ်၊ ချိုင်းရွာလမ်းဆုံရှိ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။

ဧပြီလ ၁၃ ရက်တွင် သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် မြင့်ကျော် မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

ဧပြီလ ၁၆ ရက်တွင် သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ ဇဗ္ဗူသီရိမြို့နယ်၊ အဆင့်မြင့်ဈေးအနောက်ဘက်ရှိ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့်ပစ်ခတ် ဖောက်ခွဲခဲ့ရာတွင် မြင့်ကျော်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

မေလ ၃ ရက်တွင် သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးသည် ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် သီရိမဏ္ဍိုင်လမ်းထောင့်ရှိ ရဲကင်းစခန်းအား ပစ္စတိုဖြင့် ပစ်ခတ်၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

ဇွန်လ ၁၂ ရက်တွင် သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လယ်ဝေးမြို့မ ရဲစခန်းရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ချောင်းမြောင်း ပစ်ခတ်ရာတွင် မြင့်ကျော်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

အလားတူ ဇွန်လ ၁၂ ရက်တွင် မြင့်ကျော် နှင့် သက်နိုင် တို့ ၂ ဦးမှ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် ရဲနိုင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။  

          အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့တိမ်းရှောင်နေသည့် နေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျှက် ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။