ပြည်သူလူထု၏ပူးပေါင်းပါဝင်မှု
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်မည်” ဟူ၍ ရှေ့လုပ်ငန်းစဉ်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်နေသူမှန်သမျှ ကင်းစင်ပပျောက်ရေးအတွက် ပြည်သူလူထု ကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်လာ နေပြီဖြစ်သည်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အကြမ်းဖက် အဖျက်သမားကင်းရှင်းပြီး အေးချမ်းသာယာစွာ နေထိုင်လိုကြသည်မှာ ပြည်သူတို့၏ ဆန္ဒဖြစ်သည်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှုရှိလာသောအခါ ပြစ်မှုကျူးလွန်သူများကို နာရီပိုင်းအတွင်းဖမ်းဆီးရမိမှုများ ရှိလာသည်။ ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-2 ဂိတ်(၂) ဝင်ပေါက် တို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား ၁၀ နာရီအတွင်းဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အချိန်နှင့် တစ်ပြေးညီ နေ့/ညမပြတ် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင် သတင်း စုံစမ်းရရှိချက်များအရ ဇွန် ၁၃ ရက်နံနက်ပိုင်းတွင် တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံလေးဦးတို့အား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ရာဇဝတ်ဘေးပြေးမလွတ် ဆိုသည့်အတိုင်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ အကြမ်းဖက်ဖောက်ခွဲမှုများအတွက် တရားခံပြေးဇင်ယော်(ခ)ငှက်ဖြူ(ခ) နေလင်းကတစ်ဦးလျှင် ငွေကျပ်သုံးသိန်း ထောက်ပံ့ပေးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီနယ်မြေအတွင်း အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိုက်စိပ်တိုက်စစ် ဆေးရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေမှုကြောင့် မနေရဲတော့ဘဲ ကယားပြည်နယ်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ကျကျ ဦးဆောင်လုပ်ကိုင် နေသည်များ၊ လုံခြုံရေးတပ်ဖွဲ့များ၏ စွန့်စားကြိုးပမ်း ဆောင်ရွက်နေသည်များကို ပြည်သူများ ကိုယ်တိုင်က သိမြင်ယုံကြည် လက်ခံလာကြပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ပြစ်မှုကျူးလွန်သည်များကို ရက်ပိုင်းမဟုတ်ဘဲ အချိန်နာရီပိုင်းမျှဖြင့် ဖမ်းဆီးရမိခြင်း သတင်းများကို ကြားသိနေရသည်။ ဇွန် ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်(ဈ)ရပ်ကွက် မေဓာဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမားသုံးဦးမှ ပစ္စတိုနှစ်လက်ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်းနှစ်ဦးအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုးငွေကျပ်သိန်း ၁၆၆၀၀ ခန့်)ကို ဓားပြတိုက် ယူဆောင်သွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများအား ဖမ်းဆီး ရမိရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့အတူတရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်း စုံစမ်းရရှိချက်များအရ ထိုနေ့ညပိုင်းတွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရား အနောက်ရပ်ကွက် ရွှေဂုံတိုင်လမ်းရှိ “အကယ်ဒမီ” ဟိုတယ်၌ ရောက်ရှိခိုအောင်း နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက် ရှာဖွေဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သောတရားခံငါးဦးကို မြောက်ဥက္ကလာပမြို့နယ် အတွင်း၌လည်းကောင်း၊ ကျန်သည့်တရားခံနှစ်ဦးကို မအူပင်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိဖြစ်စဉ်တွင်တရားခံကျား ၈ ဦး၊ မ ၁ ဦးတို့နှင့်အတူ M-4A1 သေနတ်နှစ်လက်၊ M-16 တစ်လက်၊ Sig Sauer ပစ္စတိုနှစ်လက်၊ ကျည်အိမ်မျိုးစုံရှစ်ခု၊ 91 လက်ပစ်ဗုံးနှစ်လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၄၀၊ 9MM Luger ကျည်အတောင့် ၂၁၀ တို့ဖမ်းဆီးရမိခဲ့သည်။ ဓားပြတိုက်လုယက် ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ငါးနာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ ငါးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခြင်းမှာ အကြမ်းဖက်မှုကို မုန်းတီးရွံရှာစက်ဆုပ်နေသည့် ပြည်သူများ များပြားလာခြင်းကြောင့်ဖြစ်သည်။
အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တာဝန်သိသိနေ့ညမပြတ် စုံစမ်းစစ်ဆေးရှာဖွေ ဖော်ထုတ်မှုများကြောင့် ယခုကဲ့သို့ နာရီပိုင်း အတွင်းမှာ တရားခံများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက်မှု ဆောင်ရွက်နေသူများ အား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားကြရန်ဖြစ်သည်။ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက် မှုသည် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို များစွာအထောက်အကူပြု ပါကြောင်း ရေးသားဂုဏ်ပြုလိုက်ရပေသည်။ ။