စိုးရိမ်ကြောင့်ကြပူပန်မှုမရှိပါ

စိုးရိမ်ကြောင့်ကြပူပန်မှုမရှိပါ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၂၄ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် စစ်မှန်၍စည်းကမ်း ပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ပထမဆုံး ဦးတည်ချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း  အလေးထား လုပ်ဆောင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ထို့ပြင် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး”မူ”ကို ဆက်လက်လိုက်နာ ကျင့်သုံးရေး” ဦးတည်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)နှင့်  မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို စီးပွားရေး ပိတ်ဆို့ကန့်သတ်မှု စာရင်းတွင်ထည့်မည်ဟူသော သတင်းတစ်ပုဒ်ကို ထိုင်းနိုင်ငံ ရုပ်သံသတင်းဌာနတစ်ခုက ထုတ်လွှင့်သွားသည့်အပေါ် ထင်မြင်ချက် အမျိုးမျိုးဖြစ်ပေါ် လျက်ရှိသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းသွားသည် အထိမြင်တွေ့လိုသူ အဖျက်စိတ်ဓာတ်ရှိသူများ၊ မြန်မာနိုင်ငံ ပြင်ပသို့ရောက်ရှိနေသည့် အကြမ်းဖက် အုပ်စုဝင်များက ယင်းသတင်းအပေါ် ဝမ်းပန်းတသာ ရှိနေကြမည်ဖြစ်သည်။၎င်းတို့မှာမြန်မာနိုင်ငံသားများ မဟုတ်တော့သည့်အတွက်  မြန်မာနိုင်ငံပျက်စီးရေးကိုသာ အာရုံပြုနေကြသူများ ဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ချိန်မှစ၍ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ အီးယူ စသည့်အနောက်အုပ်စုနိုင်ငံများက မြန်မာနိုင်ငံမှ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ကုမ္ပဏီများကို ပစ်မှတ်ထားပိတ်ဆို့ တားဆီးမှု အများအပြားပြုလုပ်ခဲ့သည်။ အဆိုပါနိုင်ငံများက  ဒီမိုကရေစီ၊ လူ့အခွင့်အရေး အကြောင်းပြချက်များဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှု၊ ကန့်သတ်မှုမျိုးစုံတို့ကို လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကပင်ပြုလုပ်ခဲ့သည်။  အဆိုပါ အနှောင့်အယှက်များကြားကပင် တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်ကိုစနစ်တကျ ကူးပြောင်းခဲ့သည်မှာ ကမ္ဘာတွင်အတည်ငြိမ်ဆုံး ပြုပြင်ပြောင်းလဲမှုဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာရခြင်း အကြောင်းရင်းသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲစေရေးအတွက် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ဖြင့် မိမိတို့နိုင်ငံကို မိမိတို့အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ပြင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်”ဟူသော ရှေ့လုပ်ငန်းစဉ်တို့ကို ခိုင်ခိုင်မာမာအာမခံချက်လည်း ပေးထားပြီးဖြစ်သည်။ မိမိတို့နိုင်ငံအား အပိတ်အဆို့၊ အကန့်အသတ်၊ အတားအဆီးတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိတို့နိုင်ငံအရေးသည် မိမိတို့အရေးသာဖြစ်သည့် အလျောက် နိုင်ငံနှင့်ပြည်သူ၏ အကျိုးစီးပွားအတွက်ပြုဖွယ်ကိစ္စမှန်သမျှ ပြုလုပ်ကြရမည်သာဖြစ်သည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက် ဘဏ်များတွင်လည်းကောင်း၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင် လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်း မရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို စနစ်တကျဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခင်ကာလများကလည်း အလားတူအရေးယူ ပိတ်ဆို့မှုများ တွေ့ကြုံခဲ့ရသော်လည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့်  မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ် ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများ စနစ်တကျ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  နိုင်ငံခြားသုံးငွေ လွှဲပြောင်းခြင်း၊  လက်ခံခြင်း၊ ပို့ကုန်သွင်းကုန်ကိစ္စ၊ အလုပ်သမား၊ သင်္ဘောသား လုပ်အားခလွှဲပို့ခြင်းများ အဆင်ပြေအောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က မိဘပြည်သူများ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ အသိပေးထားပြီးဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့အခင်းအကျင်းသည် ဗဟုဝင်ရိုးကမ္ဘာဆီသို့ မျက်နှာမူနေကြပြီး အမေရိကန်နှင့် အနောက်အုပ်စုတို့၏ အသာစီးရယူထားသော နိုင်ငံတကာ ဘဏ္ဍာရေး စနစ်ကိုစွန့်ခွာနိုင်ရန် နိုင်ငံများစွာတို့က ပြင်ဆင်နေကြပြီဖြစ်သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိကတို့ ပါဝင်သည့် BRICSကဲ့သို့သော စီးပွားရေးအဖွဲ့သို့ ဝင်ရောက်မည့်နိုင်ငံများစွာတို့ တန်းစီနေကြပြီဖြစ်ရာ ဒေါ်လာကိုအကြောင်းပြု၍ အားနည်းသော နိုင်ငံများအပေါ် နိုင်ထက်စီးနင်းပြုမှု၊ ခြယ်လှယ်မှု၊ စွက်ဖက်မှုတို့ နိဂုံးချုပ်မည့်ကာလသည် ဝေးတော့မည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခြေအနေနှင့် ကြုံသည်ဖြစ်စေ စိုးရိမ်ကြောင့်ကြပူပန်မှု မရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။