၂၀၂၂-၂၀၂၃ ဘောလုံး ရာသီပြီးဆုံးချိန်တွင် ကလပ်အသင်းနှင့် လက်ရွေးစင်အသင်း သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ဟာလန်း ထိပ်ဆုံး၌ရပ်တည်
ယခုလအတွင်း ကစားသည့် နိုင်ငံတကာပွဲစဉ်များ အပြီးတွင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အဆုံးသတ်ခဲ့ပြီး ကလပ်အသင်းနှင့် လက်ရွေးစင်အသင်း သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် နော်ဝေအသင်းနှင့် မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဟာလန်းက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် ဟာလန်းသည် မန်စီးတီးအသင်းနှင့် ၅၂ ဂိုး၊ နော်ဝေအသင်းနှင့် လေးဂိုး စုစုပေါင်း ၅၆ ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး အမ်ဘတ်ပီက ပီအက်စ်ဂျီအသင်းနှင့် ၄၁ ဂိုး၊ ပြင်သစ်အသင်းနှင့် ၁၃ ဂိုး စုစုပေါင်း ၅၄ ဂိုးဖြင့် ဟာလန်းနောက် နှစ်ဂိုးအကွာဖြင့် အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
အလားတူ ဟယ်ရီကိန်းက စပါးအသင်းနှင့် ၃၂ ဂိုး၊ အင်္ဂလန်အသင်းနှင့် ရှစ်ဂိုး စုစုပေါင်း သွင်းဂိုး ၄၀ ဖြင့် အဆင့်(၃)၊ မက်ဆီက အာဂျင်တီးနားအသင်းနှင့် ၁၇ ဂိုးဖြင့် လက်ရွေးစင်အသင်း သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ရပ်တည်ခဲ့သော်လည်း ပီအက်စ်ဂျီအသင်းနှင့် ၂၁ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ စုစုပေါင်း သွင်းဂိုး ၃၈ ဂိုးဖြင့် အဆင့်(၄) နှင့် လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းနှင့် ၃၃ ဂိုး၊ ပိုလန်အသင်းနှင့် သုံးဂိုး စုစုပေါင်း ၃၆ ဂိုးဖြင့် အဆင့်(၅)နေရာ၌ ရပ်တည်ခဲ့ကြကြောင်း သိရသည်။