ပင်လယ်ရေကြောင်းဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ရမည့် ရည်မှန်းချက်တာဝန်(၄)ရပ်တွင် “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး”ကို အရေးကြီးသော ဒေါက်တိုင်တစ်ခုအနေဖြင့် ထည့်သွင်းထားပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်(၆)ရပ်တွင်လည်း “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေး” လုပ်ငန်းတာဝန်ကို ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါး အန္တရာယ်ဟုဆိုရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ အလွဲသုံးမှု၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု/တင်သွင်းမှု၊ သယ်ဆောင်ရောင်း ဝယ်မှုနှင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းဆောင်ရွက်ရမှုများ စသည်ဖြင့်ကျယ်ပြန့်စွာ ပါဝင်ပါသည်။
နိုင်ငံတော်အစိုးရအဆက်ဆက်သည် မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အရေးကြီးသော အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး”အား ရည်မှန်းချက်တာဝန်အဖြစ် ချမှတ်ဆောင်ရွက်ရာတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား ဖွဲ့စည်းခဲ့ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် အနီးကပ်ဆုံး မိတ်ဖက်အဖွဲ့ဖြစ်သည့် တပ်မတော်၏အားကိုရယူကာ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် နှစ်စဉ်အောင်မြင်မှုများ ရရှိခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ အရေးကြီးသော ပထဝီဝင်အနေအထားကို သိရှိနားလည်နိုင်ပါမှသာ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်းမြေအကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင်၊ ရေပြင်ပိုင်နက် ၁၄၄၀၀၀ စတုရန်းမိုင်ကျော်ရှိပြီး ကမ်းရိုးတန်းအရှည် ၁၃၈၅မိုင်(၂၂၂၈ ကီလိုမီတာ)ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်မှုမှာ တရုတ်နိုင်ငံနှင့် ၁၃၂၃ မိုင်၊အိန္ဒိယနိုင်ငံနှင့် ၉၁၂ မိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ၁၆၈ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၈ မိုင်၊ အရှည်ဆုံးဖြစ်သော ထိုင်းနိုင်ငံနှင့် ၁၅၀၁ မိုင် ထိစပ်လျက်ရှိသည်။ ကြီးမားကျယ်ပြန့်သော မြန်မာနိုင်ငံနယ်မြေအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ရောင်းဝယ်မှုများကို တားဆီးနိုင်ရန်မှာလွန်စွာခက်ခဲမည်ဖြစ်သည်။ ကျယ်ပြန့်လှသော နယ်မြေအတွင်း ကြီးမားသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်နေသူများအဖို့ လွန်စွာခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်သည်။
တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရသည့်နယ်ပယ်
တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အတွင်းပိုင်း ကုန်းမြေနယ်နိမိတ်၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများ၊ ရေပြင်နယ်နိမိတ်အပြင် မိမိနိုင်ငံ၏ ရေပြင်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံဆောင်ရွက် ရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၊ ဆိပ်ကမ်းနယ်မြေများကိုလည်း ချန်လှပ်မထားဘဲ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေရလျက်ရှိသည်။ ယခင်က မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် လမ်းကြောင်းကောင်းမွန်သော အိမ်နီးချင်း နိုင်ငံများမှတစ်ဆင့် အခြားဒေသတွင်း နိုင်ငံများသို့ သယ်ဆောင်သည့် လမ်းကြောင်းများကို အဓိကထား အသုံးပြုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်သည့် ပုံစံများ ပြောင်းလဲလာခဲ့ သည်။
ကုန်းမြေနယ်နိမိတ်အတွင်း ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအနှံ့ မြို့ပြ၊ ကျေးလက်များအပြင် ဆက်သွယ်ရေးလမ်းကြောင်း တစ်လျှောက် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိသည်။
ထို့ပြင် ပြဿနာဖြစ်ပွားမှုနှင့် သက်ရောက်မှု မြင့်မားသောဒေသများကို ရွေးချယ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်နေလျက်ရှိသည်။ အထူးစစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် မိမိတစ်နိုင်ငံတည်းမှ ဆောင်ရွက်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် နယ်စပ်ဒေသများ)နှင့် ပူးပေါင်းကာ တစ်ချိန်တည်းတစ်ပြိုင်တည်း စစ်ဆင်ရေးဆောင်ရွက်လျက်ရှိသည်။ မဲခေါင်ဒေသနိုင်ငံများနှင့် ပူးပေါင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်မှု ကိုကြည့်လျှင် ၂၀၂၀ ပြည့်နှစ်အတွင်း Operation ၁၅၁၁ အမည်ဖြင့် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။ မိမိနိုင်ငံအတွင်း အထူးစစ်ဆင်ရေးများ ဆောင်ရွက်နိုင်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၂၂ ခုနှစ်တွင် သုံးကြိမ်နှင့် ယခုနှစ်တွင် အထူးစစ်ဆင်ရေးကြီးတစ်ခုကို ဆောင်ရွက်နေဆဲဖြစ်ပါသည်။
မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အရင်းခံ
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအတွင်း မူးယစ်ဆေးဝါးပြဿနာကို ခါးသီးစွာခံစားနေရသော နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ အခြေခံကျသောပြဿနာမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်နေမှုများပင် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများသည် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်ခြင်း၊ ပြည်တွင်းအသုံးပြုနေသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာနေရာများသို့ လမ်းလွှဲရောက်ရှိခြင်းများသည် အရေးကြီးသော ပြဿနာရပ် တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်းမရှိသော ဓာတုပစ္စည်းများ တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံသည့် အထူးစစ်ဆင်ရေး “ Operation ၃၉”ကို ဆောင်ရွက်နေဆဲ ဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာ၏ သဘောသဘာဝ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အထူးစစ်ဆင်ရေးများ ဆောင်ရွက်နေမှုများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု ပုံသဏ္ဌာန်များလည်း ပြောင်းလဲလာလျက်ရှိသည်။ မူးယစ်ဆေးဝါးချက်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများသည် Balloon Effect သက်ရောက်မှုပုံစံမျိုးဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည့် နေရာမှ အားနည်းချက်များ ဖြစ်ပေါ်နေသည့်နေရာများသို့ ပြောင်းရွှေ့သွားသဖြင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာနှင့် ပုံစံ၊ သယ်ဆောင်ပုံ၊ သိုဝှက်ပုံနည်းလမ်းများနှင့် လမ်းကြောင်းများ ပြောင်းလဲလာလျက်ရှိသည်။
သာမန်အားဖြင့် တားဆီးနှိမ်နင်းရေး
လုပ်ငန်းများ တိုးမြှင့်လာခြင်းက မူးယစ်ဆေးဝါး ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သော်လည်း ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ဈေးကွက်ချဲ့ထွင် လာမှုကြောင့် ထုတ်လုပ်မှုမြင့်မားလာခြင်း၊ သုံးစွဲမှုပုံစံပြောင်းလဲလာခြင်းနှင့် ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။
တင်ပြပါ Balloon Effect ၏သက်ရောက်မှုသည်လည်း မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့သည်။ ဒေသတွင်း၌ ၂၀၁၆ ခုနှစ်မှ စတင်ကာ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် ကွန်ရက်များ၏ ပါဝင်ပတ်သက်မှု မြင့်မားလာကြောင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများက သက်သေပြလျက်ရှိသည်။
အထူးသဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ကန့်သတ်ချက်ရှိသော ပင်လယ်ပြင်ကို အသုံးချကာ မူးယစ်ဆေးဝါး အမြောက်အမြား သယ်ဆောင်ရောင်းဝယ်မှုများ မြင့်တက်လာစေသည်။
ပင်လယ်ရေကြောင်းတားဆီးနှိမ်နင်းရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများကို သုံးသပ်ကာ ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းနိုင်ရန် ကမ်းရိုးတန်းနယ်မြေများတွင် သတင်းစုဆောင်းမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဆိပ်ကမ်းနယ်မြေများတွင် အထူးဂရုပြုဆောင်ရွက်ခြင်း၊ ရေကြောင်းရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ရာ နယ်မြေများတွင် အထူးအလေးထား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဆိပ်ကမ်းနယ်မြေ၊ ကမ်းရိုးတန်း နယ်မြေ၊ အတွင်းပိုင်းပင်လယ်ပြင်နှင့် ပိုင်နက်ပင်လယ်နယ်မြေ အချို့ကိုသာ
ထိန်းချုပ်နိုင်ပြီး ပိုင်နက်ပင်လယ်နှင့် ပိုင်နက်ပင်လယ်အပြင်ဘက် နယ်နိမိတ်များကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ဖြစ်ပေါ်နေလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော် (အထူးသဖြင့် တပ်မတော်(ရေ))နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများက ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်မှုများကို ဖမ်းဆီးနိုင်ခဲ့သည်။
၂၀၀၄ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ ဘိန်းဖြူ ၅၉၂ ကီလို ဖမ်းဆီးရမိမှုသည် ထိုအချိန်က ပင်လယ်ရေကြောင်းမှ သယ်ဆောင်မည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုအကြာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ဂျလန်းကျွန်းအနီး ပင်လယ်ပြင်၌ တပ်မတော်(ရေ) စစ်ရေယာဉ်မှ အက်တက်စီ ဆေးပြား ၂ ဒသမ ၃၈၅ သန်းဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြိတ်မြို့နယ်ကလွင်မီးပြအနီးရှိ ဒေသခံကုန်တင်လှေမှ အိုက်စ် ၁၄၃ ကီလို၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြိတ်မြို့အနောက်ဘက် ပင်လယ်ပြင်၌ တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကက်တမင်း ၉၄၀ ကီလိုအား ဖမ်းဆီးမိခဲ့သည်။ ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကိုကြည့်လျှင် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့များအတွက် ကန့်သတ်ချက်ရှိခြင်း၊ မူးယစ်ဆေးဝါး အမြောက်အမြားကို သယ်ဆောင်နိုင်ခြင်း၊ ဒေသခံသစ်သား ငါးဖမ်းလှေများကိုသာ အသုံးပြုနိုင်ခြင်းနှင့် နိုင်ငံဖြတ်ကျော် သယ်ဆောင်မှုများကို အလွယ်တကူ ဆောင်ရွက်နိုင်ခြင်း စသည့်အချက်များကို အသုံးချကာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။
တရားဝင်ကုန်ပစ္စည်းများနှင့် ရောနှောကွယ်ဝှက်ကာ ဆိပ်ကမ်းများမှ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများသည် နိုင်ငံတကာတွင် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအပေါ်သို့လည်း သက်ရောက်မှုရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ဘရာဇီးနိုင်ငံမှတင်ပို့သော သကြားအိတ်များ ထည့်ထားသည့် ကွန်တိန်နာများအတွင်းမှ ကိုကင်း ၂၅၀ ကီလိုနှင့် ၂၀၀ ကီလိုအသီးသီးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မေ ၇ ရက်တွင် မလေးရှားနိုင်ငံ ဆိပ်ကမ်း၌ မြန်မာနိုင်ငံမှ တင်ပို့သည့် ကွန်တိန်နာအတွင်းမှ အိုက်စ် ၁၁၈၇ ကီလိုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ရေလမ်းကြောင်းကိုအသုံးပြုပြီး ပင်လယ်ပြင်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းရာတွင် ကမ်းရိုးတန်းနယ်မြေ၊ ဆိပ်ကမ်းများသို့ သွားရောက်ရာ လမ်းကြောင်းများတစ်လျှောက် ရှာဖွေဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းနယ်မြေနှင့် ဆိပ်ကမ်းများမှ တားဆီးကာကွယ်ခြင်း၊ တရားဝင်ကုန်စည်များအတွင်း သိုဝှက်သယ်ဆောင်မှုများကို တားဆီးခြင်းများသည် ကုန်းမြေနယ်နိမိတ်အတွင်း ဆောင်ရွက်ရသောလုပ်ငန်းများ ဖြစ်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်အား ကျော်လွန်ဖြတ်သန်းသွားသော မူးယစ်ဆေးဝါးများအား တပ်မတော်(ရေ)နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကလည်း မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးနိုင်သည့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ခဲ့သည်။
ပင်လယ်ရေကြောင်း တားဆီးနှိမ်နင်းရေး ဆောင်ရွက်နိုင်ခဲ့မှုများ
ဒေသတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံနှင့် သုံးစွဲသည့် မူးယစ်ဆေးဝါးများ ပြောင်းလဲလာခြင်းသည် ထုတ်လုပ်သည့်ပုံစံနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို သက်ရောက်လျက်ရှိသည်။ တားဆီး နှိမ်နင်းရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုန်းမြေနယ်နိမိတ်နှင့် လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲစစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခြင်းများသည် ကုန်းမြေလမ်းကြောင်း များကို အသုံးပြုပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်လာရာမှ ရေလမ်းကြောင်း အသုံးပြုကာ သယ်ဆောင်ရောင်းဝယ်သည့်ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ ပင်လယ်ရေလမ်းကြောင်း အသုံးပြုပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု မြင့်တက်လာသကဲ့သို့ တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ရာမှ ဖမ်းဆီးရမိမှုများ မြင့်တက်လာလျက်ရှိသည်။
ဖြေရှင်းဆောင်ရွက်နေရမှုများ
ပင်လယ်ရေကြောင်း၏ အားသာချက်များကို အသုံးချပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြသည်။ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ခါးသီးစွာခံစားနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် ကုန်းမြေနယ်နိမိတ် အတွင်း တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ သယ်ဆောင်ရာ လမ်းကြောင်းများတစ်လျှောက် စစ်ဆေးရေး ဂိတ်များကို တိုးချဲ့ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးတွဲစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသည်။
တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ အရင်းခံဖြစ်သော ပရီကာဆာ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် အထူးစစ်ဆင်ရေးအား ဆောင်ရွက်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဓာတုပစ္စည်း အမြောက်အမြားကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။ ဓာတုပစ္စည်းများသည် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုနေရသဖြင့် နိုင်ငံတော်မှ ဓာတုပစ္စည်းတင်သွင်းမှုများကို တရားဝင်ခွင့်ပြုပေးခဲ့သော်လည်း အချို့လုပ်ငန်းရှင်များ၏ မသိနားမလည်မှု/ အမြတ်အစွန်းရလိုမှုများကြောင့် တရားဝင် ခွင့်ပြုပေးထားသော ဓာတုပစ္စည်းများသည် မူးယစ်ဆေးဝါး ချက်လုပ်ရာ နေရာများသို့ ရောက်ရှိနေလျက်ရှိသည်။ ထိုအချက်များကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကုမ္ပဏီ/လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်ပြီး အသိပညာပေးခြင်းနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါး သယ်ဆောင်မှုများကို တားဆီးနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်ရာလမ်းကြောင်းများ၊ ဆိပ်ကမ်းများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ဒေသခံဆိပ်ကမ်းများ၊ ကမ်းကပ်နိုင်သည့် နေရာများကိုလည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်ခြင်း၊ သတင်းစုဆောင်းထောက်လှမ်းခြင်းများ ပြုလုပ်နေလျက်ရှိသည်။ တပ်ဖွဲ့ဝင်များ ရောက်ရှိသွားလာရန် ခက်ခဲသော ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်မှုများကို တားဆီးနိုင်ရေးအတွက် တပ်မတော်နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေအတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး ပြဿနာကြီးကို ဖြေရှင်းနိုင်ရန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်နေမည်ဖြစ်သည်။ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အတွင်း ခေါင်းဆောင်သူများ၏ အမြော်အမြင်ရှိမှု၊ ခေါင်းဆောင်မှုကောင်းမွန်မှု၊ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းအပေါ် စေတနာထားမှု၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးပမ်းဆောင်ရွက်တတ်မှု၊ ထိုးထွင်းတီထွင် လုပ်ကိုင်တတ်မှုနှင့် စနစ်တကျရှိမှု၊ အဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှုတို့ကြောင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကဏ္ဍသည် အထိုက်အလျောက်အောင်မြင်မှုသမိုင်းမှတ်တိုင်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ခံယူထားချက်
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့် အထောက်အပံ့များ ရရှိသည်/မရရှိသည်ဖြစ်စေ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းရေး သမိုင်းကပေးသည့် အမျိုးသားရေး တာဝန်အဖြစ် ခံယူထားပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတစ်ခု၊ အဖွဲ့အစည်း တစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းနိုင်ရေး အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမမှန်သော အဖွဲ့အစည်းများ၊ နိုင်ငံရေးကို ဦးစားပေးသော အဖွဲ့အစည်းများနှင့်လည်း အကောင်းဆုံးသော ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုအဖွဲ့အစည်း၊ နိုင်ငံများ၏ ချီးကျူးဂုဏ်ပြုမှု/ အပြစ်တင်မှုများကို အနည်းငယ်မျှပင် စိတ်ထဲအလျဉ်းမရှိဘဲ မိမိတို့ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် မူးယစ် ဆေးဝါးပြဿနာဖြေရှင်းရေးကို ဆန္ဒမှန်၊ နှလုံးသားအမှန်၊ ခံယူချက်အမှန်ဖြင့် ရှေ့ဆက်ဆောင်ရွက် သွားရန် သန္နိဋ္ဌာန်ပြုထားပါကြောင်း တင်ပြအပ်ပါသည်။ ။
ကိုကိုချွန်(မော်လမြိုင်)