အကောင်းမြင်စိတ်ဖြင့်လျှောက်လှမ်း

အကောင်းမြင်စိတ်ဖြင့်လျှောက်လှမ်း

အမြင်မှန်ခြင်း၊ အမြင်မှားခြင်းတို့သည် လူသားတို့၏ စိတ်အပေါ်တွင်မူတည်ပါသည်။ အမြင်မှန်လျှင် မှန်သည့်အလျောက်၊ အမြင်မှားလျှင်မှားသည့်အလျောက် တိုးတက်ကြီးပွားခြင်း၊ ဆုံးရှုံးခြင်းဟူသော ရလဒ်တို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဆိုးမြင်ဝါဒသည် စိတ်ရောဂါဖြစ်သည်။ အဆိုးမြင်စိတ်လွန်ကဲပြီး အစွန်းရောက်လွန်းသည့် အချို့လူများမှာ အဆိုးမြင်စိတ်ပျောက်ကင်းရန်အတွက် စိတ်ရောဂါကု ဆရာဝန်များ၏ အကူအညီရယူရန် လိုအပ်ပေသည်။ အကောင်းမြင်တတ်သူများသည် စိတ်နှလုံး အေးချမ်းပြီး အသက်ရှည်ကြသည်။

အဆိုးမြင်စိတ်သည် ကံကြမ္မာဆိုးများကို သယ်ဆောင်လာတတ်၍ အကောင်းမြင်စိတ် ရှိသူတို့မှာ  ကံကြမ္မာကောင်းများကို ယူဆောင်လာတတ်သည်။ အဆိုးမြင်သမားတို့မှာ အောင်မြင်မှုနည်းပါးပြီး ဒုက္ခရောက်ခြင်းများသာ ကြုံတွေ့နေရသည်။ အကောင်းမြင်စိတ်ရှိသူတို့မှာ ကံကြမ္မာက မည်မျှပင် နှိပ်စက်သည်ဖြစ်စေ၊ လောကဓံမုန်တိုင်း မည်မျှပြင်းထန်စွာတိုက်ခတ်သည်ဖြစ်စေ မျှော်လင့်ချက် ရောင်ခြည်ကို အပျောက်မခံဘဲ မိမိတို့ဘဝတိုးတက်ရေးကို ကြိုးစားရွက်ဆောင်ကြသည်။

အကောင်းမြင်သမားသည်  အကောင်းမြင်စိတ်မွေးကာ  ပတ်ဝန်းကျင်ကို အကောင်းဘက်က ချည်းကြည့်တတ်သည်။ ထိုအကောင်းမြင်စိတ်များသည် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အားကစားယှဉ်ပြိုင်ရေး စသည့် မည်သည့်အရေးကိစ္စတွင်မဆို အောင်ပွဲသို့ဦးတည်စေသည့် အခြေခံသော့ချက်ဖြစ်သည်။  အပျက်သဘောတွေးသည့် အဆိုးမြင်စိတ်တို့ကို ပယ်ဖျောက်ပေးရန် လိုအပ်သကဲ့သို့ အပြုသဘောတွေးသည့် အကောင်းမြင်စိတ်ကို မလွန်ကဲအောင်လည်း ထိန်းသိမ်းရန် လိုအပ်သည်။ အကောင်းမြင်စိတ် မွေးကာ ပတ်ဝန်းကျင်ကို အကောင်းဘက်ကချည်း ကြည့်မြင်တတ်သည့် အလေ့အကျင့်များလာသည့်အခါ မိမိပတ်ဝန်းကျင်သည် ပကတိအရှိအမှန်ထက် ပို၍ ကောင်းမွန်နေသယောင် ထင်မြင်လာတတ်ပါသည်။

အပြုသဘော မြင်တတ်သည့်အတွေး၊ အကောင်းမြင်စိတ်ကို ၎င်းအတိုင်း လွှတ်ပေးမထားဘဲ ယထာဘူတ ကျသောအမြင်ဖြင့်၊ လက်တွေ့ချက်ချင်းလုပ်တတ်သည့် ဝီရိယတို့ဖြင့် ထိန်းသိမ်းပေါင်းစပ်ပေးရန် လိုအပ်သည်။

ယထာဘူတကျသောအမြင်ဆိုသည်မှာ ပကတိအရှိကိုအရှိအတိုင်း၊ အမှန်အတိုင်းမြင်သည့် အမြင်မှန်စိတ်ဖြင့် အမှန်ကိုမြင်ခြင်းဖြစ်သည်။

လူတိုင်းသည် အဆိုးမြင်စိတ်နှင့် အကောင်းမြင်စိတ်တို့အကြား သင့်တင့်သောနေရာမှနေ၍ အမှန်မြင်စိတ်ဖြင့် မိမိတို့လုပ်ဆောင်စရာရှိသည်တို့ကို တက်တက်ကြွကြွ လုပ်တတ်ကိုင်တတ်သောအလေ့အကျင့်ကို ပျိုးထောင်ကြရန်လိုအပ်ပေသည်။ မြတ်စွာဘုရားရှင်၏ ပထမဦးဆုံးဟောကြားတော်မူသော တရားတော်တွင် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကိုလျှောက်လှမ်းရန် ဟောကြားတော်မူထားပြီးဖြစ်သည်။ မိမိတို့ဖြတ်သန်း ကြရမည့် လူ့သက်တမ်းအတွင်း အဆိုးမြင်စိတ်ဖြင့် အပျက်များတွေးနေခြင်းဖြင့် သော်လည်းကောင်း၊ အကောင်းမြင်စိတ်ဖြင့် အကောင်းတွေချည်းမျှော်မှန်းတမ်းတနေခြင်းဖြင့်လည်းကောင်း အချိန်ဖြုန်းတီးမနေကြဘဲ အမြင်မှန်စိတ်ဖြင့် လက်တွေ့ကျကျ လျှောက်လှမ်းကြရန်သာဖြစ်သည်။

လူကိုပိုင်စိုးသည်မှာ စိတ်ဖြစ်ပြီး စိတ်ကိုပိုင်စိုးသည်မှာ ပညာဉာဏ်ပင်ဖြစ်သည်။ ပညာဉာဏ်ကို ပိုင်စိုးသည်မှာ ဗဟုသုတ အတတ်ပညာပင်ဖြစ်သည်။ ဗဟုသုတနည်းပါးသူတို့သည် ကိစ္စတစ်ခု၊ အကြောင်းတစ်ရပ်ကို ဘက်ပေါင်းစုံ လေ့လာခြင်း မပြုဘဲ  ဘက်တစ်ဖက်တည်းကြည့်ကာ ဆုံးဖြတ်လေ့ရှိကြသည်။ ထိုဆုံးဖြတ်ခြင်း မျိုးသည် လက်တွေ့အမှန်တရားများနှင့် လွန်စွာဝေးကွာသည်။ မှန်ကန်စွာမြင်တတ်သော အကောင်းမြင်စိတ် ထက် မှားယွင်းစွာ မြင်တတ်သော အဆိုးမြင်စိတ်တို့ ပိုမိုလွန်ကဲသွားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မိမိတစ်ပါတီတည်း အနိုင်ရရှိရေးအတွက် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများကို အလွန်အကျွံပြုမူခဲ့သည်။ ထိုသို့ပြုမူသည်ကို အခြားသောပါတီများနှင့် တပ်မတော်က အချက်အလက် ခိုင်ခိုင်မာမာဖြင့် ထောက်ပြသည်။ မမှန်မကန်သော ရွေးကောက်ပွဲရလဒ်ကို အတည်မပြုရန် တောင်းဆိုခဲ့သည်။ တပ်မတော်အနေဖြင့် လူသိထင်ရှား နိုင်ငံတကာက သိရှိအောင် သတင်းစာ ရှင်းလင်းပွဲပေါင်းအကြိမ် ၂၀ ထက်မနည်းကျင်းပကာ ရှင်းလင်းပြခဲ့သည်။  ရှင်းလင်းပြခဲ့သည့် အချက်အလက်များမှာ မှန်ကန်မှုမရှိပါကြောင်း၊  မဲမသမာမှု မပြုလုပ်ကြောင်း ခိုင်ခိုင်မာမာပြန်လည် ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။

ထိုစဉ်ကသာ အကောင်းမြင်စိတ်ဖြင့် မှန်မှန်ကန်ကန်ကြည့်ရှု ဆုံးဖြတ်ပေးမည် ဆိုပါက အရေးပေါ်အခြေအနေပေါ်ပေါက်လာမည်မဟုတ်ဘဲ ညီညွတ်စည်းလုံးစွာ တိုင်းပြည်ကောင်းကျိုး သယ်ပိုးနိုင်မည်ဖြစ်သည်။ ယခုမူ အဆိုးမြင်စိတ်ထားကြောင့် လူငယ်လူရွယ်အချို့၊ နိုင်ငံ့ဝန်ထမ်းအချို့လမ်းမှားရောက်ကာ လမ်းပျောက် သွားကြသည်။ နောက်ဆုံးတွင် တိုင်းဖျက်ပြည်ဖျက် အကြမ်းဖက်အဖျက်သမားများအဖြစ် ပြည်သူ တစ်ရပ်လုံး၏ ရွံရှာမုန်းတီးသူများအဖြစ် ရောက်ရှိသွားကြသည်။ မိမိတို့တိုင်းပြည်ကို ကောင်းမွန်အောင် မည်သို့တည်ဆောက်ကြမည် ဆိုသည့်စိတ်ထက် ပျက်စီးရေးလမ်းကြောင်းသို့ ရောက်ရှိသွားသည်။ ဤသည်ကို သင်ခန်းစာယူကာ မျှတသောအကောင်းမြင်စိတ်ဖြင့် တိုင်းပြည် တည်ဆောက်ရေးတွင် ပါဝင်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။