ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ပထမအကြိမ်) ပို့ဆောင်

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ (ပထမအကြိမ်) ပို့ဆောင်

နေပြည်တော်၊ ဇွန် - ၂၅

          ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့်မျိုးစပါးများကို တင်ပို့ပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့စီမံဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်းကို တပ်မတော် မော်တော်ယာဉ် ၆၃ စီးဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေမှ ဝယ်ယူခဲ့ သည့် GW-11 မျိုးစပါး ၉၂၅၃ တင်းကို တပ်မတော်မော်တော်ယာဉ် ၄၇ စီးဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဝယ်ယူခဲ့သည့် နှံကောက်မျိုးစပါး ၄၃၃၀ တင်းကို တပ်မတော်မော်တော်ယာဉ် ၂၀ စီး ဖြင့်လည်းကောင်း ဇွန် ၂၄ ရက်တွင် ပထမအကြိမ် သွားရောက်ပို့ဆောင်လျက်ရှိသည်။

          အဆိုပါ စပါးမျိုးများကို မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကူညီတင်ဆောင်ပေးခဲ့ ကြောင်း၊  သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် လိုအပ်လျက်ရှိသည့် မျိုးစပါးများကို အချိန်မီရရှိရေး ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။