မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၂၆ ရက်)

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြို့ကြီးရှာဖွေ စစ်ဆေးရေးစခန်းတွင်  ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦးမောင်းနှင်ပြီး ဟေမာန်သိန်း လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် နွားချေးများဖြင့် ဖုံးအုပ်၍ သယ်ဆောင်လာ သည့် ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော် ကာလတန်ဖိုးငွေ ကျပ်သိန်း ၄၂၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်။ အလားတူ ဇွန် ၂၁ ရက် ညနေ ၃ နာရီတွင် လွိုင်လင်မြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀ သိန်း ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အားဥပဒေအရ အရေးယူထားပြီး   ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား   ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိသည်။

အထက်ပါသတင်းမျိုးများ ကြားသိရတိုင်း ပြည်သူတို့အလွန်ဝမ်းသာသည်။ မူးယစ်ဆေးဝါး များများ ဖမ်းမိလေလေ အကြမ်းဖက်မှုများ လျော့နည်းလေဖြစ်ပေမည်။ အကြမ်းဖက်သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များသည် အဓိကအားဖြင့် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းများမှရရှိသည့် အကျိုးအမြတ်များဖြင့် ရပ်တည်လျက်ရှိကြသည်။ ထိုလုပ်ငန်းများကို မစွန့်လွှတ်နိုင်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အဝ မပါဝင်ကြခြင်းဖြစ်သည်။ ဓာတုပစ္စည်းများကို အခြေခံ၍ မူးယစ်ဆေးဝါး ထုတ်လုပ်ကြသည့်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများ ပိုမိုအောင်မြင် ရေးအတွက် တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများ နှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသအပြင်ဘက်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံတကာ မျက်နှာစာ၌ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့တိုင် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်လျက်ရှိသည်။       

မြန်မာနိုင်ငံတွင် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး ပင်လယ်ရေကြောင်း အပါအဝင် မူးယစ်ဆေးဝါးပြဿနာ များပြားသည့်ဒေသများ၌ အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအများအပြား ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းကျဆင်းလျက်ရှိသည်ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ ထုတ်ပြန်နေသည့် ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရ သိရှိရသည်။

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည်” ဆိုသည့်ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်မှ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်လာမည်ဖြစ်သည်။ လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး သုံးစွဲမှုကင်းဝေးစေရေး အတွက် အသိပညာပေး လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနစသည်ဖြင့် ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်စာပေ အနုပညာရှင်များကလည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရုပ်မြင်သံကြားဇာတ်လမ်းများ၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများထုတ်လွှင့် ရေးသားပညာပေးခြင်း၊ ဟောပြောပို့ချဆွေးနွေးခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံ လုပ်ဆောင်လျက်ရှိသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများသည် အလုပ်လုပ်နိုင်သူ လူငယ်လူရွယ်များဖြစ်သဖြင့် နိုင်ငံ၏ကုန်ထုတ် စွမ်းအားကို လျော့ကျစေလျက်ရှိသည်။ အထူးသဖြင့် အကြမ်းဖက်အဖျက်သမားများသည် လူငယ်လူရွယ်တို့ကို ငွေကြေး၊ မူးယစ်ဆေးဝါးတို့ဖြင့် စည်းရုံးသိမ်းသွင်းကာ လူငယ်တို့ဘဝပျက်စီးရေး လုပ်ဆောင်နေသည်။  မူးယစ်ဆေးစွဲရောဂါဆိုသည်မှာ ကုသပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးစွဲခြင်းကို ကုသပေးလျက်ရှိသည်။ ဆေးဖြတ်ပြီးသူများကို လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း  မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုမှာ လွန်စွာများပြားလှသည်။ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပလျက်ရှိရာ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် (၃၆)ကြိမ်မြောက် ရှိပြီဖြစ်သည်။ မူးယစ်ဆေးဝါး အလွဲသုံးခြင်း၊ တရားမဝင် ရောင်းဝယ်ခြင်းတို့သည် လူသားတို့၏ လူမှုစီးပွားပျက်စီးရေးကို ရှေးရှုနေခြင်းဖြစ်သည့်အတွက် လူသားအားလုံးက ပူးပေါင်းတိုက်ဖျက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။