(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့် နေပြည်တော်အတွင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့် နေပြည်တော်အတွင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်  ဇွန်  ၂၅

    (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသည့် နေပြည်တော်အတွင်းမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊   အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆုတံဆိပ်ရရှိခဲ့သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော် အတွင်းရှိ အားကစားသမားများ အနေဖြင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ  ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း နိုင်ငံ၏ဂုဏ်ကိုဆောင်ပြီး  အောင်မြင်မှုရရှိရေး အတွက် မလျှော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက်ပိုမို အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရိုးရာခြင်း အားကစားနည်းတွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့် မစုတွယ်တာနှင့် မသဲသဲ၊ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် မောင်ဓူဝံကျော်တို့ကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူ ဦးရဲဝင့်ထွဋ်တင်နှင့် စစ်တုရင်အသင်းနည်းပြ ဦးမျိုးဇော်မင်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်  ဦးမြင့်စိုးက နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    ဘောလုံး အားကစားနည်းမှ  မောင်အောင်မျိုးခန့်နှင့် ပြေးခုန်ပစ်အားကစားနည်းမှ မခင်မာဆယ်တို့ကို လည်းကောင်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။

ဆက်လက်၍ ဆုရရှိသူများကိုယ်စား  ရိုးရာခြင်း အားကစားနည်းတွင် ရွှေတံဆိပ်နှစ်ခုရရှိခဲ့သည့်  မစုတွယ်တာနှင့်  ပိုက်ကျော်ခြင်း အားကစားနည်းအုပ်ချုပ်သူ ဦးရဲဝင့်ထွဋ်တင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဆုရရှိသူအားကစားသမားများ၊ အုပ်ချုပ်သူနှင့်နည်းပြများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာကန်သဲနုန်းများ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပျဉ်းမနားမြို့ မြို့မိမြို့ဖများနှင့် အတူ ပျဉ်းမနားမြို့  ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်း  ကွန်ကရစ်လောင်းခြင်း လုပ်ငန်းပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်း တည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။