ချင်းတိုင်းရင်းသား ဂျိုရှူအာဗန် UFC ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့် မြန်မာလူမျိုးအဖြစ် မှတ်တမ်းဝင်ပြီး ပထမဆုံး ပွဲစဉ်တွင်ပင်အနိုင်ရရှိ

ချင်းတိုင်းရင်းသား ဂျိုရှူအာဗန် UFC ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့် မြန်မာလူမျိုးအဖြစ် မှတ်တမ်းဝင်ပြီး ပထမဆုံး ပွဲစဉ်တွင်ပင်အနိုင်ရရှိ

ရန်ကုန်  ဇွန်  ၂၅

    ချင်းတိုင်းရင်းသား  ဂျိုရှူအာဗန်သည် UFC Fight Night   ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသည့်    မြန်မာလူမျိုးအဖြစ်  မှတ်တမ်းဝင်ပြီး  ပထမဆုံး ပွဲစဉ်တွင်ပင်  အနိုင်ရရှိကြောင်း   သိရသည်။

    ဂျိုရှူအာဗန်သည်   Fury    ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက် ယှဉ်ပြိုင်ပုံ ကောင်းမွန်ကာ အလဲထိုးနိုင်ပွဲများ  ဆက်တိုက်ရရှိသဖြင့် UFC အဖွဲ့အစည်း ဥက္ကဋ္ဌ ဒန်နီရယ်ဝှိုက်က ခေါ်ယူစာချုပ် ချုပ်ဆိုခြင်း ဖြစ်သည်။

    Fury  အဖွဲ့အစည်း လက်အောက်မှ ပြိုင်ပွဲများတွင်  ဆက်တိုက်အလဲထိုးနိုင်ပွဲများ ရယူနိုင်ခဲ့သည့် ဂျိုရှူအာဗန်ကို UFC နှင့် ONE Championship တို့က အပြိုင် ကမ်းလှမ်းခဲ့သော်လည်း   ဂျိုရှူအာဗန်က UFC ကို ရွေးချယ်ပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

    UFC Fight Night ပြိုင်ပွဲတွင် ကာဇက် စတန်ကစားသမား ဇာဟယ်ဂက်စ်နှင့် ယှဉ် ပြိုင်မည့်ပြိုင်ဘက်သည် ပြိုင်ပွဲမှ နုတ်ထွက်သွားသည့်အတွက် ဂျိုရှူအာဗန်က အစား ထိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲစဉ်တွင်  ဂျိုရှူအာဗန်က UFC ပြိုင်ပွဲ အတွေ့အကြုံရှိသည့် ဇာဟယ်ဂက်စ်ကို လက်ရည်အသာစီးဖြင့် ဖိအားပေးယှဉ်ပြိုင် နိုင်ခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် ဂျိုရှူအာဗန်က ဒိုင်မှတ်ဖြင့် အနိုင်ရရှိပြီး UFCကစားသမားဘ၀ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။