ဥရောပဘောလုံး အဖွဲ့ချုပ်၏ လေးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီးနောက် ရိုးမားအသင်းနည်းပြ မော်ရင်ဟို ဥရောပဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင် ရာထူးမှနုတ်ထွက်
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဥရောပပွဲစဉ် လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ်၏ ဘုတ်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကစားသည့် ဆီဗီလာအသင်းနှင့် ရိုးမားအသင်းတို့ ပွဲစဉ်တွင် နည်းပြ မော်ရင်ဟိုသည် ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာ ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသဖြင့် ကွင်းအတွင်း ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သည့်အတွက် အဝါကတ်ပြခံခဲ့ရသည့်အပြင် ပွဲစဉ် အပြီးတွင်လည်း ကားပါကင်အတွင်း ဒိုင်လူကြီး အန်သို နီတေလာကို ညစ်ညမ်းစွာ ဆဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဒိုင်လူကြီး အန်သိုနီတေလာ အနေဖြင့် အဆိုပါပွဲစဉ်တွင် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့် အတွက် ရိုးမားအသင်း ပရိသတ်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့်ပင် တွေ့ကြုံခဲ့ရသည်။
နည်းပြမော်ရင်ဟို၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဥရောပဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပြစ်မှုထင်ရှားသည့် အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဥရောပ ပွဲစဉ်လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
နည်းပြမော်ရင်ဟိုသည် ပြီးခဲ့သည့် ဧပြီလက ဥရောပ ဘောလုံးအဖွဲ့ချုပ်၏ ဘုတ်အဖွဲ့ဝင်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ ရာထူးမှ နုတ်ထွက် ခဲ့ကြောင်း သိရသည်။