၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ပြီး အသင်း ၃၂ သင်းဖြင့် ကျင်းပမည်ဖြစ်ရာ ဥရောပမှ ၁၂ သင်းအထိ အများဆုံး ပါဝင်မည်

၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ပြီး အသင်း ၃၂ သင်းဖြင့် ကျင်းပမည်ဖြစ်ရာ ဥရောပမှ ၁၂ သင်းအထိ အများဆုံး ပါဝင်မည်

   ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က   ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို ပရိသတ်များ ပိုမိုစိတ်ဝင်စားမှုရှိစေရန် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပုံစံပြောင်းလဲ၍ ပြိုင်ပွဲဝင်အသင်း အရေအတွက် တိုးမြှင့်ပြီး အသင်း ၃၂ သင်းဖြင့် ကျင်းပမည်ဖြစ်ရာ ဥရောပမှ  ၁၂ သင်းအထိ အများဆုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို  ၂၀၀၀  ပြည့်နှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ဥရောပဇုန်၊ အာဖရိကဇုန်၊ တောင်အမေရိကဇုန်၊  ကွန်ကာကပ်ဖ်ဇုန်(မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရေဘီယံ)၊ သမုဒ္ဒရာပိုင်းဇုန်မှ   ချန်ပီယံကလပ်အသင်း ခြောက်သင်းနှင့် အိမ်ရှင်နိုင်ငံမှ ချန်ပီယံကလပ်အသင်း   စုစုပေါင်းပြိုင်ပွဲဝင် ကလပ်အသင်း  ခုနစ်သင်းဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ပြင်   အဆိုပါကလပ်အသင်း ခုနစ်သင်းသည် ရှုံးထွက်အဆင့်မှ စတင်ကစားခဲ့ကြပြီး ဥရောပဇုန်မှ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ၌   ချန်ပီယံဆုဆွတ်ခူးသည့် အသင်းအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်မှသာ စတင်ကစားခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်  ဥရောပမှ  ကလပ်အသင်း ၁၂ သင်းကို ရွေးချယ်ရာတွင် ၂၀၂၁  ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းလေးသင်းကို   ရွေးချယ်ပြီး   ကျန်ရှစ်သင်းကို   ဥရောပကလပ်အဆင့် သတ်မှတ်ချက် အမြင့်ဆုံး အသင်းရှစ်သင်းအား  ဝင်ခွင့်ပေးမည်ဖြစ်သည်။

လက်ရှိ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ဆုဖလား ငါးကြိမ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။   ၂၀၂၅  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို  ယင်းနှစ် ဇူလိုင်လတွင် အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။