ပြိုင်ဘက်နှင့် ရန်သူ့တပ်များ အပေါ်ခြိမ်းခြောက်လာမည့် ရုရှားနှင့်တရုတ်တို့၏ အစွမ်းထက် ဒရုန်းများ
မောင်းသူမဲ့လေယာဉ်များ သို့မဟုတ် ဒရုန်းများ (UAVs) သည် ကမ္ဘာ့နိုင်ငံများမှ လက်နက်ကိုင်တပ်များ၏ စစ်ဆင်ရေးတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်သောကြောင့် အစိုးရအဖွဲ့များနှင့် စစ်ရေးမူဝါဒချမှတ်သူများ အနေဖြင့် ဖြစ်လာသော လက်နက်ကိုင်ပဋိပက္ခများတွင် အသုံးပြုရန်အတွက် ဒရုန်းများကို ပိုမိုထုတ်လုပ်လာပြီဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုသို့ ထုတ်လုပ်ရာတွင် အဓိက ဦးဆောင်နေသည့် နိုင်ငံများတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဦးဆောင်လျက်ရှိသည်။ ယင်းနိုင်ငံများက ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည် မြင့်မားသည့် ဒရုန်းများကို ဖော်ပြပေးလိုက်ပါသည်။
Sukhoi S-70 Okhotnik-B
Sukhoi S-70 Okhotnik-B ဒရုန်းကို ရုရှားနိုင်ငံက အနည်းဆုံး ၂၀၁၁ မတိုင်မီ ကတည်းက ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ဖွယ်ရှိပြီး ရုရှား MiG စီမံကိန်းတစ်ခုဖြစ်သည့် "Skat" ၏ နောက်ဆက်တွဲ လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်။ အဆိုပါမောင်းသူမဲ့ လေယာဉ်၏ အခြားအလားတူ လေယာဉ်များနှင့် မတူသည့် ကွာခြားချက်မှာ အရွယ်အစားဖြစ်ပြီး ၎င်း၏ အရွယ်အစားမှာ X-47B ထက် လေးဆနီးပါး ပိုမိုလေးလံခြင်းဖြစ်သည်။ လက်နက်ခဲယမ်း ၃ တန်နီးပါးကို သယ်ဆောင်နိုင်စွမ်းရှိပြီး ယင်းဒရုန်းသည် အကွာအဝေး ကီလိုမီတာ ၆၀၀၀ အထိ စစ်ဆင်နိုင်စွမ်းရှိသည်။
Sukhoi S-70 ဒရုန်းအား Su-57 ပဉ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် တွဲဖက် စစ်ဆင်ရန် ဒီဇိုင်းထုတ်ထားပြီး ၂၀၂၄ ခုနှစ်တွင် လေတပ်၌ တာဝန်ထမ်းဆောင်ရန် စီစဉ်ထားရှိသည်။ အဆိုပါဒရုန်းတွင် R-73 or R-77 ဒုံးများ အပါအဝင် ဝေဟင်မှ ဝေဟင်ပစ်ဒုံး အများအပြားကို တပ်ဆင်နိုင်သည့်အပြင် ၃၀၀ ကီလိုမီတာအထိ ပျံသန်းမောင်းနှင်၍ စစ်ကစားနိုင်စွမ်းရှိသည်။
ထို့ပြင် အနီးကပ် လေကြောင်းတိုက်ပွဲများတွင် အသုံးပြုနိုင်ရေး အတွက် ၃၀ မမ အမြောက်ကို တပ်ဆင်ထားသည်။
Sukhoi S-70 ဒရုန်းသည် ကိုယ်ပျောက်စွမ်းရည်ရှိသောကြောင့် ရန်သူတပ်များ၏ ရေဒါများက အလွယ်တကူ ဖမ်းယူထောက်လှမ်းခြင်း မပြုနိုင်သောကြောင့် လေကြောင်း ပစ်ကူပေးခြင်းသော် လည်းကောင်း၊ ဝေဟင် တိုက်ခိုက်မှုများတွင် လည်းကောင်း များစွာအထောက်အကူပြုနိုင်သည်။
Wing Loong II ဒရုန်း
Wing Loong II ဒရုန်းကို တရုတ်နိုင်ငံရှိ ချန်ဒူးလေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းမှုကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံသည် အစောပိုင်းတွင် ကင်းထောက်ရေးနှင့် ဝေဟင်ကင်းလှည့် ပျံသန်းရေး ဒရုန်းအဖြစ် ရည်မှန်းထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်အတွက် ပို့ကုန်ဗားရှင်း အမျိုးအစားတစ်မျိုးကို ဆက်လက်ထုတ်လုပ်ခဲ့သည်။
ယင်းဒရုန်းသည် လက်နက်ခဲယမ်း ၄၀၀ ကီလိုအထိ သယ်ဆောင်နိုင်စွမ်းရှိပြီး နာရီ ၂၀ ကြာ ပျံသန်းနိုင်သည့်အပြင် အမြင့်ဆုံး အရှိန်နှုန်းအဖြစ် တစ်နာရီလျှင် ၃၇၀ ကီလိုမီတာအထိ ပျံသန်းနိုင်စွမ်းရှိသည်။ ပို၍ ထူးခြားသည့်အချက်မှာ Wing Loong II ဒရုန်းတွင် ဂြိုဟ်တုဆက်သွယ်ရေး စနစ်ကို တပ်ဆင်ထားခြင်းဖြစ်သည်။
Wing Loong II ဒရုန်းကို ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) အပါအဝင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခအများအပြားတွင် အသုံးပြုခဲ့ပြီးဖြစ်သည့်အပြင် ပါကစ္စတန်နှင့် အီဂျစ်တို့ကလည်း ၎င်းမောင်းသူမဲ့လေယာဉ်များကို အများအပြား ဝယ်ယူအသုံးပြုခဲ့သည်။ ယင်းဒရုန်းသည် လေဆာစနစ်သုံး ပဲ့ထိန်းဗုံးများ ဝေဟင်မှ ဝေဟင်ပစ်လက်နက်များကိုလည်း တပ်ဆင်အသုံးပြုနိုင်စွမ်းရှိသည်။
FH-97A Loyal Wingman ဒရုန်း
တရုတ်နိုင်ငံသည် ၎င်းတို့အသစ်ထုတ်လုပ်ထားသည့် FH-97A Loyal Wingman ဒရုန်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကျူဟိုင်လေကြောင်းပြပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည်။
စင်စစ်တွင် တရုတ်စစ်ဘက်သည် အနာဂတ်တွင် ပြိုင်ဘက်ဖြစ်လာနိုင်သည့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများအား သတိပေးခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ အဆိုပါ ဒရုန်းသည် အဆင့်မြင့်နည်းပညာကို အသုံးပြု ထားခြင်းကြောင့် သမားရိုးကျ ဆင်နွှဲနေသည့် စစ်ပွဲများ၏ အသွင်သဏ္ဌာန်ကို များစွာပြောင်းလဲနိုင်မည်ဟု Feihongကုမ္ပဏီမှ ဒီဇိုင်းထုတ်လုပ်ရေး အကြီးအကဲ တန်ရွှီးက ပြောကြားခဲ့သည်။
အဆိုပါဒရုန်းသည် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှုအတွင်း အဓိကအရေးပါသည့် ဒရုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အနာဂတ်တွင် အသုံးပြုလာနိုင်သည့် တိုက်ခိုက်ရေး ဒရုန်းစနစ်အတွက် အရေးပါသည့်စနစ်တစ်ခု ဖြစ်လာမည်ဟု ယူဆရကြောင်း တန်ရွှီးက ဆက်လက်ပြောကြားသည်။ တရုတ်နိုင်ငံသည် FH-97A Loyal Wingman ဒရုန်းအား နောက်ဆုံးပေါ် တိုက်ခိုက်ရေးစနစ်၏ အယူအဆများအပေါ် အခြေခံ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းဒရုန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ခံစစ်ကြောင်း ဖွဲ့စည်းပေးနိုင်သည့်အပြင် ရန်သူအပေါ် လေကြောင်းအသာစီး ရရှိနိုင်ရေးအတွက် အခြားတိုက်လေယာဉ်များနှင့်လည်း ပူးတွဲစစ်ဆင်နိုင်စွမ်းရှိသည်။
ထို့ပြင် FH-97A Loyal Wingman ဒရုန်းသည် ရန်သူ၏ လုပ်ဆောင်ချက်များကိုပါ ဖော်ထုတ်နိုင်စွမ်းရှိပြီး တရုတ်တိုက်လေယာဉ်များ အတွက် ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများအတွက် သတိပေးခြင်းကိုပါ လုပ်ဆောင်နိုင်သည်။ ယင်းဒရုန်းသည် တာဝေးပျံသန်းနိုင်ပြီး ရန်သူ၏ ခံစစ်ကြောင်းအတွင်းသို့ ထိုးဖောက်၍ ရန်သူ၏ လေကြောင်းကာကွယ်ရေးစနစ်များကိုပါ ချည့်နဲ့သွားစေရန် စွမ်းဆောင်နိုင်သည်။
Ref: Defensebridge GT, militarydrones
မောင်ယုယ