အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး
နေပြည်တော် ဇွန် ၂၆
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်များကို လည်းကောင်း အခမ်းအနားများ တစ်ပြိုင်တည်း ကျင်းပကြပြီး ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့ကြသည်။
ယနေ့ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ နံနက် ၁၁ နာရီတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများ၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ သူနာပြု သင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ မြို့မိမြို့ဖများ စုစုပေါင်း အင်အား ၅၅၀ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၅ ဒသမ ၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂ ဒသမ ၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃ ဒသမ ၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅ ဒသမ ၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀ ဒသမ ၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅ ဒသမ ၂၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၁၇၅ သန်း) အား ဖျက်ဆီးခဲ့သည်။
ယင်းနေ့ နံနက် ၈ နာရီအချိန် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်း၌ နံနက် ၈ နာရီအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ သြစတြေးလျ ပြည်ထောင်စုရဲအဖွဲ့ (AFP)၊ တရုတ်နိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၄၁၂ ဦးတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား လိုက်လံကြည့်ရှုခြင်းတို့ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁၇၆ ဒသမ ၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂ ဒသမ ၅၂၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂၇၄၈ ဒသမ ၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ကက်တမင်း ၄၁၆၃ ဒသမ ၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅ ဒသမ ၈၇၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆ ဒသမ ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇ ဒသမ ၈၃၆၄ သန်းကျော်) အား ဖျက်ဆီးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နံနက် ၁၀ နာရီအချိန် ပြုလုပ်ခဲ့ရာ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။
မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ နံနက် ၈ နာရီခွဲ အချိန်ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တရုတ်ကောင်စစ်ဝန်ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် သူနာပြုတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ
အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီး အဆင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၈ ဒသမ ၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀ ဒသမ ၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇ ဒသမ ၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂ ဒသမ ၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄ ဒသမ ၇၈၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄ ဒသမ ၉၉၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၀၄၆၇ သန်း) အား ဖျက်ဆီးခဲ့သည်။
ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်များကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ တို့တွင် ကျင်းပခဲ့ပြီး စုစုပေါင်းအင်အား ၂၀၆၂ ဦး တက်ရောက်ခဲ့ကာ ဘိန်း ၁၁၃၀ ဒသမ ၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅ ဒသမ ၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉ ဒသမ ၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈ ဒသမ ၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁ ဒသမ ၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁ ဒသမ ၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၃၀၇ ဒသမ ၃၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၀၅၈ သန်း) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။