ဂုဏ်ပြုချီးမြှင့်ထိုက်သူများ

ဂုဏ်ပြုချီးမြှင့်ထိုက်သူများ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၂၇ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည့်

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲက အမှာစကား ပြောကြားရာတွင် “အားကစားသမားများအနက်  မသန်စွမ်း အားကစားသမားများသည် သာမန်အားကစားသမားများထက် ပိုမိုထက်သန် ပြင်းပြသည့်ပြိုင်ပွဲဝင် စိတ်ဓာတ်  မျိုးနှင့် ကြိုးစားအားထုတ်မှုမျိုးရှိမှ အောင်မြင်မှုရရှိနိုင်သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆင့်အတန်း ဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ရပ်တွင် နိုင်ငံတော် ကိုယ်စားဆုတံဆိပ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် အောင်ပွဲရမသန်စွမ်းအားကစားသမားများသည် မသန်စွမ်းဖြစ်သော်လည်း သာမန်လူများနည်းတူ မိမိတို့ဘဝရပ်တည်မှုနှင့် ထူးချွန်အောင်မြင်မှုများကို ရယူဖန်တီးနိုင်စွမ်း ရှိသည်ကိုလက်တွေ့သက်သေ ပြလိုက်ကြခြင်းပင် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက်ခန္ဓာအစိတ်အပိုင်း ပေးလှူခဲ့ရသူများက စိတ်ဓာတ်ခိုင်မာပြင်းပြစွာဖြင့် အောင်မြင်မှုရရှိအောင်စွမ်းဆောင်မှုများ အတွက် ချီးကျူး ဂုဏ်ပြုလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အားကစားပြိုင်ပွဲများတွင်  အနိုင်မခံအရှုံးမပေး စိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ခက်ခဲသည့် အင်အားကြီးပြိုင်ဘက်များကို မလျှော့သောဇွဲ၊ လုံ့လများဖြင့် တုံ့ပြန်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများ အပါအဝင် အမျိုးသမီးအားကစားသမားများ၏ ပုံရိပ်များမှာ ပြည်သူများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့ကြသည်။ တပ်မတော်၌ တပ်ခွဲအလိုက်အားကစား ပြိုင်ပွဲများမှတစ်ဆင့် တပ်ရင်းအလိုက်ပြိုင်ပွဲများ ထိုမှတစ်ဆင့် တိုင်းအလိုက်ပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား အားကစားပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ထိုသို့ကျင်းပ ပေးလျက်ရှိသဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းမျာ းပေါ်ထွက်လာခြင်းဖြစ်သည်။

နိုင်ငံတကာပြိုင်ပွဲများတွင် တပ်မတော် သားအားကစားသမားများ အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပြီး အောင်ပွဲများ ဆွတ်ခူးနိုင်ခဲ့သည်မှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှအားပေးမှု၊ ကူညီပံ့ပိုးမှုများကြောင့်ဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ဆုတံဆိပ်ရရှိခဲ့သည့်အားကစားသမားများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသည့်အပြင် ဆုတံဆိပ်အမျိုးအစားအလိုက် ယခင်နှင့်မတူ ထပ်မံချီးမြှင့်ပေးခြင်းများ ပြုလုပ်သည့်အတွက် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။အားကစားသမားများကို ယခုကဲ့သို့ဂုဏ်ပြုပေးခြင်းသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ပေးခြင်းနှင့် မျိုးဆက်သစ်အားကစားသမား မောင်မယ်များအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များကို ပိုမိုတိုးပွားပြီး အားကျအတုယူစေနိုင်ရေး အတွက်ဖြစ်သည်။”(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို   ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့်   ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော်၏ အလံတော်သည် မောင်တို့မယ်တို့ အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေး တာဝန်ကိုပါ  နိုင်ငံတော်၏ ကိုယ်စားပြုနေသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏  အောင်လံတလူလူလွင့်ပျံနေစေရေး  ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားရန်”ဟူ၍ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် အားကစားသမားများကို ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံ အပ်နှင်းစဉ် မှာကြားခဲ့ပါသည်။ ထိုမှာကြားချက်နှင့်အညီ မိမိတို့ထံ ရောက်ရှိလာသည့် ရည်မှန်းချက်တာဝန်များအပေါ် နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်း ဟူသည့် စိတ်ဓာတ်ခံယူချက်များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းအားဖြင့် မြန်မာပီသသည့်စိတ်ကိုပြသခဲ့ကြသော တပ်မတော်သား အားကစားသမားများနှင့်တကွ အားကစားသမား တစ်ဦးချင်းစီကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်းကိုလည်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

တပ်မတော်ဆိုသည်မှာ  နိုင်ငံတော်အတွက်မရှိမဖြစ် အဖွဲ့အစည်းဖြစ်သည်။  ထိုအဖွဲ့အစည်းသို့ ဝင်ရောက်လာသူများမှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် သက်စွန့် ကာကွယ်လိုစိတ်ဖြင့် ဝင်ရောက်လာသူများ ဖြစ်ကြသည်။ တပ်မတော်သားတိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသောအခြေခံ အရည်အချင်းများ ပြည့်ဝကြသည်။ မိမိတို့တစ်ဦးအပေါ် ပေးအပ်လာသည့် တာဝန်မှန်သမျှကို ကျေပွန်စွာ ထမ်းဆောင်ကြသည်မှာ အဆိုပါအခြေခံ အရည်အချင်းများ ပြည့်စုံ၍ဖြစ်သည်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ တို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများ ပေါ်ပေါက်လာသည်။ မိမိတို့တတ်ကျွမ်းထားသည့် အားကစားပညာရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်  “လှေခွက် ချည်းကျန် အလံမလှဲတဲ့စိတ်ဓာတ်” “တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်”များဖြင့် အောင်မြင်မှုရရှိ အောင် စွမ်းဆောင်ခဲ့ကြသည်။ ထို့ကြောင့် အမှန်ပင်ဂုဏ်ပြု ချီးမြှင့်ထိုက်သူများ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။