ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၂၇

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

    ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ဆေးကုသမှုခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီဖြစ်သည့် နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေး အခြေအနေများ မေးမြန်းလျောက်ထားပြီး နဝကမ္မအလှူ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် စေတီတောင်ရပ်ကွက်ရှိ စွန့်ပစ်အမှိုက်ပုံကြီးအား မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ ယန္တရားများ ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ငလပွေ့ရပ်ကွက်ရှိ MSME လုပ်ငန်း တစ်ခုဖြစ်သော နေလှန်းဆားကြမ်းမှ အိမ်သုံးအိုင်အိုဒင်းဆား ထုတ်လုပ်သည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်၍ ဆားထုတ်လုပ်မှုလုပ် ငန်း အဆင့်ဆင့်အား လေ့လာကြည့်ရှု အားပေးခဲ့သည်။

    အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ဂန္ဓမာကျေးရွာ၌ ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူများအား နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ကျေးရွာ ၈ ရွာမှ လေဘေးသင့်ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် အမှတ်(၃)ရပ်ကွက်ရှိ မြို့လယ်ရေမြောင်းအား မြို့သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ ရေမြောင်းများ ရေပြည့်ရေလျှံမှုများမဖြစ်စေရန်နှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ရေမြောင်းများ တူးဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ  ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည့် မိုးစပါး စိုက်ဧကပြည့်မီရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ရင်တန်း ရပ်ကွက်ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့အတူ ရခိုင်ပြည်နယ် မင်းပြားမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မင်းပြားမြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှ လှူးဒါန်းသည့် ဆွမ်းဆန်တော်များနှင့် စားသောက် ဖွယ်ရာများကို သီလရှင်ကျောင်းတိုက် အသီးသီးတွင် သီတင်းသုံးဆောက်တည် နေကြသည့် သာသနာနွယ်ဝင် သီလရှင် ၃၃ ပါးအား အလယ်ပိုင်းရပ်ကွက်ရှိ ဓမ္မိကာရုံပရိယတ္တိစာသင်ကျောင်းတိုက်၌ သွားရောက် ဆက်ကပ်လှူဒါန်းသည်။

အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့သူကြီးကျေးရွာ၌ မောင်တောခရိုင်၊ သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ တက်ရောက် အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိုက်ပျိုးပင်များ ဖြန့်ဝေပေးသည်။ ယင်းနောက် သစ်ပင်များ စုပေါင်း စိုက်ပျိုးကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၏ သစ်ပင် စိုက်ပျိုးနေမှု များကို ကြည့်ရှုအားပေးသည်။ ၎င်းနောက် မြို့မတောင်ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။