၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဇွန်  ၂၇

    တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့ လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ  ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများ၌   ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။

ယနေ့နံနက်ပိုင်းတွင် အုပ်စု(ဂ)ပွဲစဉ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အသင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန(ခ)အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းက  ၅ ဂိုး ဂိုးမရှိဖြင့်   အနိုင်ရရှိသွားသည်။ 

ဆက်လက်၍  ညနေပိုင်းတွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ အုပ်စု(က)ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်း နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

အလားတူ  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ အုပ်စု(က)ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ) အသင်းတို့  ဆက်လက်ယှဉ်ပြိုင်ကစားကြ သည်။

အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊  သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်မိဘ ပြည်သူများ  လာရောက် အားပေးကြည့်ရှု ကြသည်။

ဇွန်၂၈ ရက်(ယနေ့) နံနက်ပိုင်းတွင် အဆိုပါဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)မှ ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန(ခ) အသင်းတို့သည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ လည်းကောင်း၊ ဇွန် ၂၈ ရက် ညနေပိုင်းတွင် အုပ်စု(ခ)မှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ လည်းကောင်း၊ အုပ်စု(ခ)မှ ကျန်းမာရေး ဝန်ကြီးဌာနအသင်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအား ကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌  လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။