နေပြည်တော်၊ နိုဝင်ဘာ - ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်း တရားမဝင် သစ်မှောင်ခိုလှေများ ခိုအောင်းလျက်ရှိပြီး ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးဖော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ နေရာ ၁၁ နေရာမှ ကျွန်း၊ ပိတောက်၊ ကညင်နှင့် အခြားသစ်များ အပါအဝင် သစ်မျိုးစုံအရွယ်စုံ သစ်တုံး ၂၀၀၀၀ ကျော်ခန့်၊ သင်္ဘော/စက်လှေအကြီး ၁၂ စီးနှင့် လူ ၆၁ ဦးတို့အား ဖမ်းဆီးရမိပြီး ၎င်းတို့အနက် ခန့်မှန်း ၈၉၄ ဒသမ ၂၄ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၂၂၆၅၅ ခန့်) အား တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပါသည်။
ဖမ်းဆီးရမိ သင်္ဘော / စက်လှေများတွင် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီး တစ်စီး၊ အလျားပေ ၁၂၀ ရှိ သင်္ဘောတစ်စီး၊ အလျား ၁၀၀ ပေအထက်ရှိသော စက်လှေ ၄ စီး၊ အလျားပေ ၉၀ အထက် စက်လှေ ၃ စီးနှင့် အလျား ပေ ၆၀ အထက် စက်လှေ ၃ စီးတို့ ပါဝင်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသစ်များအနက် ကျန်ရှိသော ခန့်မှန်းသစ်တုံး ၁၄၀၀၀ ကျော်ခန့် အား စက်လှေကြီးများဖြင့် ဆက်လက်သယ်ယူ အပ်နှံလျက်ရှိပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် သတင်းဆက်အား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။