၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဇွန်  ၃၀

 

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့ လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အဋ္ဌမနေ့ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းများတွင် ကျင်းပရာ  ပြိုင်ပွဲဝင်အသင်းများ  ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

နံနက်ပိုင်းတွင်   လေ့ကျင့်ရေးကွင်းအမှတ်(၁)၌  ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က)အသင်းက  ၈ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ထို့အတူ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန   အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ညနေပိုင်းတွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်  ၂ ဂိုးစီဖြင့် သရေကျနေသဖြင့်  ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းက ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

အလားတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝ န်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

ယနေ့ကျင်းပသည့် ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များသို့ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယ ဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများ၊   တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြသည်။

ဇူလိုင် ၁ ရက်တွင် ပြိုင်ပွဲခေတ္တရပ်နားမည်ဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ အကြိုဗိုလ်လုပွဲစဉ်များအဖြစ်  နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းနှင့် ပညာရေးဝန်ကြီးဌာန(က)အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ညနေပိုင်းတွင်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့  ဆက်လက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း  သိရသည်။                       

ကျော်လွင်