အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး
ဇူလိုင်လ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဖြစ်သည်။ ကမ္ဘာပေါ်တွင် သမဝါယမနေ့အဖြစ် ပထမဆုံးကျင်းပသည့်နေ့မှာ ၁၉၂၃ ခုနှစ် ဇူလိုင်လ၏ပထမပတ်စနေနေ့ဖြစ်သည်။ ထိုနှစ်မှစ၍ကမ္ဘာ့နိုင်ငံ များတွင် နှစ်စဉ်ဇူလိုင်လ ပထမပတ်စနေနေ့တိုင်း အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကျင်းပခဲ့ကြသည်။ ယခုနှစ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်မှာ အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများက ဆောင်ရွက်ပေး ဖြစ်သည်။ ဤကဲ့သို့ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပေါ်လာရသည်မှာ ICA- International Co-operative Alliance ခေါ်အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်ကြီး၏ ကြိုးပမ်းမှုကြောင့် ဖြစ်သည်။ ထိုအဖွဲ့ချုပ်ကြီးကို ၁၈၉၅ ခုနှစ်ကစ၍ တည်ထောင်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီး၏ အဓိကရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်တည်း ကောင်းစားရေးထက် လူအများကောင်းစားရေးကို ရှေးရှုသော သမဝါယမလုပ်ငန်းများ ကမ္ဘာပေါ်တွင်ပြန့်ပွားထွန်းကားစေရန်ဖြစ်သည်။ ယခုအခါ နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ သမဝါယမအဖွဲ့ချုပ်ပေါင်း ၃၁၇ ဖွဲ့ကအဖွဲ့ ဝင်အဖြစ် ပါဝင်လာခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ သမဝါယမအသင်းများအား ပြုပြင်ဖွဲ့စည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအလိုက် ကုန်ထုတ်လုပ်မှု သမဝါယမအသင်း ၃၁၉၉၀ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၆၀၄ သင်းနှင့် ကုန်သွယ်မှု သမဝါယမအသင်း ၃၁၁၅ သင်းဖြစ်ပြီး သမဝါယမအသင်းပေါင်း ၃၈၇၀၉ သင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။
သမဝါယမသည်ပြောင်းလဲလာသောနိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စီးပွားရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုဟူသော သမဝါယမအခန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် သမဝါယမထုတ်လုပ်မှုကဏ္ဍမှ ကျပ် ၉၂ ဒသမ ၁၂၅ ဘီလီယံနှင့်သမဝါယမ ဝန်ဆောင်မှုကဏ္ဍမှ ကျပ် ၆၇ ဒသမ ၈၅၉ ဘီလီယံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေး ဦးတည်ချက်များ ချမှတ်ရာတွင် သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဟူသော ဦးတည်ချက်အတိုင်း ဆောင်ရွက်ရာတွင် သမဝါယမများ၏အခန်းကဏ္ဍသည် အရေးပါလျက်ရှိသည်။ ထို့ကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြား စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးနိုင်ခြင်း၊ ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ခြင်း၊ လိုအပ်သော ငွေကြေးအရင်းအနှီး ရရှိစေရန် ငွေစုငွေချေးလုပ်ငန်းနှင့် အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်း ဆောင်ရွက်သည့် သမဝါယမ အသင်းသားများသို့ အတိုးနှုန်းသက်သာစွာ ချေးငွေထုတ်ချေးပေးနိုင်ခြင်း၊ သမဝါယမလမ်းကြောင်းမှ ပြည်ပပို့ကုန်အဖြစ် ရေထွက်ပစ္စည်း၊ ကော်ဖီနှင့်အဝတ်အထည်များ တင်ပို့ရောင်းချနိုင်ခြင်း၊ သမဝါယမအသင်းသားများ လိုအပ်လျက်ရှိသောငွေကြေး၊ စက်ပစ္စည်းနှင့် နည်းပညာများကို ပြည်တွင်း/ပြည်ပရှိ စီးပွားရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ပို့ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိရန်နှင့် ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် ပြည်ပနိုင်ငံများတွင် ပြုလုပ်သည့်ပြပွဲများသို့ သမဝါယမအသင်းများက သွားရောက်ပြသခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
ထို့ပြင် မြန်မာနိုင်ငံသမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့နှင့်ပူးပေါင်း၍ အသိပညာ၊ အတတ်ပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများသို့ လေ့လာရေးခရီးများစေလွှတ်ခြင်း၊ သမဝါယမကဏ္ဍ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းလုပ်ငန်းများကို စီမံကိန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုဆောင်ရွက်ချက် များသည် နိုင်ငံတော်အစိုးရက ချမှတ်ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဆိုသည်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ သမဝါယမ၏အဓိပ္ပာယ်ကို အများစုပေါင်း၍ ကုန်ထုတ်၊ ကုန်ရောင်းစသည့် လုပ်ကိုင်ကာတရားသဖြင့် ရသည့်အကျိုးအမြတ်ကို မျှတစွာခံစားသည့် လုပ်ငန်းဟူ၍ ဖွင့်ဆိုထားပေရာ အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများကဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။