၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ ဆက်လက် ကျင်းပ
နေပြည်တော် ဇူလိုင် ၂
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရာ ပြိုင်ပွဲဝင် အသင်းများ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန (က)အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ တို့ယှဉ်ပြိုင် ကစားကြရာ ပညာရေးဝန်ကြီးဌာန (က)အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေသဖြင့် ပယ်နတီ အဆုံးအဖြတ်ခံယူရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန အသင်းက၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
ယနေ့ကျင်းပသည့် အကြိုဗိုလ်လုပွဲစဉ်များ၏ ယှဉ်ပြိုင် ကစားနေမှုများကို နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင် ပြည်သူများလာရောက် ကြည့်ရှုအားပေးကြသည်။
ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ တတိယနေရာလု ပွဲစဉ်များ အဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ညနေပိုင်းတွင် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပညာရေးဝန်ကြီးဌာန (က)အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။