မျိုးဂုဏ်မြင့်မား မြန်မာအမျိုးသမီးများ
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားသော နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာအမျိုး သမီးတို့သည် ယဉ်ကျေးသိမ်မွေ့စွာ ကြီးပြင်းလာကြသူများဖြစ်ကြသည်။ သားသမီးဘဝတွင် သားသမီးတို့ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရသည်။ အထူးသဖြင့် စောင့်လေမျိုးနွယ်ဟူသော ကျင့်ဝတ်ကို လေးစားလိုက်နာကြသည်။ မိမိတို့နှင့်အမျိုးဘာသာသာသနာမတူသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့မရှိကြပေ။ မြန်မာရာဇဝင်ကို လေ့လာကြည့်လျှင်လည်း ကျန်စစ်သားမင်းကြီးသည် မိမိချစ်သောသမီးတော်ကို တိုင်းတစ်ပါးသားနှင့် လက်ထပ်ခွင့်မပြုခဲ့ဘဲ မိမိတို့၏မျိုးနွယ်တူသူနှင့်သာ လက်ထပ်ထိမ်းမြားစေပြီး ထိုသမီး တော်ကမွေးဖွားခဲ့သော မြေးတော်ကို ထီးမွေနန်းမွေဆက်ခံစေခဲ့သည်မှာ ထင်ရှားသောသမိုင်းဖြစ်ရပ်မှန် ပင်ဖြစ်သည်။
ဇနီးမယားဖြစ်လာသောအခါတွင်လည်း ဇနီးမယားတို့ကျင့်ဝတ်အတိုင်း စောင့်ထိန်းလိုက်နာကြရသည်။
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ ဆိုသည့်အတိုင်း ကျင့်ကြံနေထိုင်ကြသည်။ အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလစသော တော်လေး၀၀င် အမျိုးသမီးတို့ ထုံးနှလုံးမူကာ မိစ္ဆာကြဉ်ရှောင်ပြီး မိသားစုဘဝကိုအကောင်းဆုံးတည်ဆောက်ကြသည်။ တန်ဖိုးရှိသောဇနီးမယားကောင်းအဖြစ် မြန်မာ့လူ့ဘောင်တွင်နေထိုင်ကြီးပြင်းရင်း မိခင်ဘဝရောက်ကြသည့် အခါတွင်လည်း မိဘဝတ္တရားအတိုင်းကျင့်ကြံကြရသည်။
မိမိတို့သားသမီးများအတွက် မကောင်းမေတ္တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ ဆိုစကားနှင့်အညီ လူလိမ္မာ၊ လူယဉ်ကျေးများဖြစ်အောင် မိမိတို့ဘဝတစ်လျှောက် စောင့်ရှောက်ခဲ့သော စောင့်လေမျိုးနွယ်စကားအတိုင်း သင့်တော်သူနှင့် ထိမ်းမြားပေးခြင်း ဆောင်ရွက်ရပေသည်။ ထို့ကြောင့် မြန်မာမှုနယ်ပယ်တွင် မြန်မာအမျိုးသမီးများသည် ဖြူစင် သန့်ရှင်းချစ်ခင်ခြင်း၊ ကြင်နာခြင်းနှင့်ပြည့်ဝသူများ ဖြစ်ကြသည်။ ဤနေရာတွင် မြန်မာအမျိုးသမီးဟု ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ရည်ညွှန်းရေးသားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ တိုင်းရင်းသူများသည်လည်း ယင်းတို့၏ ဓလေ့ထုံးစံနှင့်အညီ လွန်စွာပင် ချစ်စရာမြတ်နိုးစရာ ကောင်းလှပေသည်။
မိဘဘိုးဘွားတို့၏ကောင်းမွန်သော ထိန်းသိမ်းစောင့်ရှောက်မှုနှင့် မြန်မာတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကြောင့် မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုသည် ကမ္ဘာတွင် အလှပဆုံးဟု ဆိုနိုင်သည်။ ယနေ့အချိန်အခါတွင် အခြားသောယဉ်ကျေးမှုများဝင်ရောက်လာမှုကြောင့် မြန်မာအမျိုးသမီး အချို့တို့၏ ဝတ်စားဆင်ယင်မှုများမှာ ခေတ်ဆန်လာသော်လည်း အမျိုးသမီးအများစုမှာ မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရှိနိုင်သည်။ ခေတ်အဆက်ဆက် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း လူမှုရေးဦးတည်ချက်များ ချမှတ်ထားရာတွင် တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ် ကိုအခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသော ဦးတည်ချက် သတ်မှတ်ထားသည်မှာ လွန်စွာသင့်လျော်လှပေသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် အမျိုးသားများသည် မြန်မာ့ရိုးရာ အစဉ်အလာအားဖြင့် လည်းကောင်း၊ ဘာသာရေးအားဖြင့်လည်းကောင်း တန်းတူညီမျှမှုရှိသည်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုစကားသည် တန်းတူရည်တူရှိမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှေးယခင်က မြန်မာအမျိုးသမီးတို့၏ ဟန်ပန်ကို ခြေတစ်လှမ်း ကုဋေတစ်သန်းဟု ညွှန်းဆိုခဲ့ကြသည်။ ဣန္ဒြေသိက္ခာမြင့်မားခြင်းကိုပြဆိုခြင်း ဖြစ်သည်။
ယနေ့ခေတ် ကမ္ဘာကြီးတွင် နည်းပညာမြင့်မားလာမှုနှင့်အတူ အမျိုးသမီးများသည်လည်း အမျိုးသားများ နည်းတူ နည်းပညာများ တတ်မြောက်လာကြပြီဖြစ်ရာ အမျိုးသားများနည်းတူ တိုင်းပြည်တာဝန်ကိုကျရာ ကဏ္ဍမှ ထမ်းဆောင်နေကြပြီဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် အခြားသောကဏ္ဍ ပေါင်းစုံတွင်လည်း အမျိုးသမီးများ၏ တာဝန်ထမ်းဆောင်မှု ရာခိုင်နှုန်းမှာ မြင့်မားလာပြီဖြစ်သည်။
မြန်မာ့ရာဇဝင်သမိုင်းခေတ် အဆက်ဆက်တွင်လည်း မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်မှုသည် ဂုဏ်ယူဖွယ်၊ စံတင်ဖွယ်၊ အားကျဖွယ်ကောင်းလှအောင် သမိုင်းမှတ်တမ်းများရှိခဲ့သည်။ ကာကွယ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် ထူးချွန်ထက်မြက်သူများ များစွာပေါ်ထွန်းခဲ့သည်မှာ ရေးပြလို့ မကုန်နိုင်အောင်ပင် ရှိလှသည်။ ယနေ့အချိန်အခါ၌ အဆင့်မြင့်တာဝန်များတွင်လည်း အမျိုးသမီးများ ပါဝင်တာဝန်ထမ်းလျက် ရှိအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။
ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောနေ့ဖြစ်သည်။ မြန်မာအမျိုးသမီးများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များဖြင့် မိမိတို့နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက် ရှိရာတွင် ကျရာကဏ္ဍမှ အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ရေးသား ဂုဏ်ပြုလိုက်ရပေသည်။ ။