တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော်များပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၇

   

ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ခိုင်ခံ့မြဲမြံ ခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်သည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ဗုဒ္ဓဘာသာဝင်များ၏ နှစ်စဉ်ပြုလုပ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကထိန်ပွဲများကို နိုင်ငံအဝှမ်း၌ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်းဆင်နွှဲကြသည်။ အလားတူ တပ်မတော်သားများနှင့် မိသားစုဝင်များကလည်း မိသားစုမဟာဘုံကထိန်ခင်းခြင်း၊ ကထိန်းသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူခြင်းတို့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြုလုပ်ကြသည်။

   

ထိုသို့ပြုလုပ်ကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်က ပုဗ္ဗသီရိတပ်နယ်၊ ဆင်ဖြူ ရှင်ခန်းမ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗလမင်းထင်ခန်းမ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ်ခန်းမ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က သံလွင်ခန်းမ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်က ပြည်ငြိမ်းအေး ခန်းမ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သန္ဒိသုခဓမ္မာရုံ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်က တိုင်းရန်အောင်ခန်းမ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရတနာသီရိခန်းမ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဧရာဝတီခန်းမ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်တွေမြို့ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ဇေယျာသီရိခန်းမ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ရန်အောင်မြင်ခန်းမနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဧချမ်းဓမ္မာရုံတို့၌ မဟာဘုံကထိန် အလှူတော်မင်္ဂလာများ အသီးသီးပြုလုပ်ကြရာ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

   

အဆိုပါ ကထိန်အလှူတော်များတွင် တိုင်းမှူးများနှင့် တက်ရောက်လာကြသူ များက သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး သံဃာတော်များက ကထိန်အမေးအဖြေများ လျှောက်ထားဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

   

ယနေ့စုပေါင်းမဟာဘုံကထိန် အလှူတော်များတွင် တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ လှူဒါန်းသည့် ငွေကျပ်သိန်းပေါင်း ၅၃၈၅ သိန်းကျော် တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ပါဝင်သော ပဒေသာပင်များကို သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။