ကစားသမား အပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာခွင့်ပေးရန် ပီအက်စ်ဂျီအသင်းထံ တိုက်စစ်ကစားသမား အမ်ဘတ်ပီ တောင်းဆို

ကစားသမား အပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာခွင့်ပေးရန် ပီအက်စ်ဂျီအသင်းထံ တိုက်စစ်ကစားသမား အမ်ဘတ်ပီ တောင်းဆို

    ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ် ကစားသမား အမ်ဘတ်ပီက လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအတွင်း အသင်းမှ ထွက်ခွာခွင့်ပေးရန်  တောင်းဆိုခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က  မိုနာကိုအသင်းမှ  ပီအက်စ်ဂျီအသင်းသို့   ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက အသင်းနှင့် နှစ်နှစ်စာချုပ် ချုပ်ဆိုပြီးနောက် စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ် ဇွန်လကုန်မှသာ ကုန်ဆုံးမည်ဖြစ်သည်။

အမ်ဘတ်ပီက ပြီးခဲ့သည့်လအတွင်း အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုတော့မည် မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးပါက အသင်းပြောင်းရွှေ့ ကစားမည်ဟု ပြောကြားပြီးနောက်  အသင်းနှင့်  ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီ အသင်းကလည်း အစောပိုင်းက အမ်ဘတ်ပီကို နောက်ထပ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် မျှော်လင့်ထားသော်လည်း အမ်ဘတ်ပီကိုယ်တိုင်က  စာချုပ်သစ်ချုပ်ဆိုမည် မဟုတ်ဟု  ပြောကြားခဲ့သည့်အတွက်  လာမည့်နှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့် အခြေအနေများကြောင့် လက်ရှိအပြောင်းအရွှေ့ ကာလတွင် ရောင်းချဖွယ်ရှိနေသည်။

အစောပိုင်းက အမ်ဘတ်ပီကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုသော်လည်း လက်ရှိအမ်ဘတ်ပီ၏ ဈေးကွက်ပေါက်ကြေးမှာ ယူရို သန်း ၁၈၀ ခန့်သာရှိသော်လည်း ပီအက်စ်ဂျီအသင်းက ယူရို သန်း ၂၅၀ ခန့်  အလိုရှိနေသည့်အတွက် ခေါ်ယူမည့် အသင်းများအတွက်  အခက်တွေ့ဖွယ်ရှိနေသည်။

အမ်ဘတ်ပီသည်  အစောပိုင်းက   ပီအက်စ်ဂျီအသင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ကစားရန်စီစဉ်ထားသော်လည်း ယခုအခါ ဆုံးဖြတ်ချက် ပြောင်းလဲပြီး လက်ရှိအပြောင်းအရွှေ့ ကာလအတွင်း  ထွက်ခွာခွင့်ပေးရန်  တောင်းဆို ခဲ့ကြောင်း သိရသည်။