နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ သာယာဝပြောရေးဆိုသည်မှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရမည်။ ပြည်သူများအေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင် စွမ်းရှိရမည်။ ပညာသင်ကြားနိုင်ရမည်ဖြစ်သည်။ မြို့ပြများတွင်သာမက ကျေးလက်ဒေသပါမကျန် တစ်နိုင်ငံ လုံးတွင်ထိုသို့ဖြစ်နေရပေမည်။
စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ စွမ်းဆောင်နိုင်သည့် ရေမြေသယံဇာတများ ပေါများစွာရှိနေပြီး အလုပ်လုပ်ကိုင် ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ် များလည်းရှိပြီး ဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်သည့်မြေများ လုံလောက်စွာရှိသော်လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် အချို့တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရိက္ခာဖူလုံသင့်သလောက် ဖူလုံခြင်းမရှိသည်ကို တွေ့ရှိ နေရကြောင်း သိရှိရသည်။
ယခုနှစ်အတွင်းမိုးစပါးစိုက်ဧက ၁၄ ဒသမ ၉ သန်းရှိပြီး ၆ သန်းကျော်သာသီးထပ်စိုက်ပျိုးထားသည်။ မိုးစပါးစိုက်ပျိုးသည့် အချိန်တွင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာနှင့်အခြားသီးနှံများကို စိုက်ပျိုးကြသည်။ ကျန်ရှိသည့် ၇ သန်းကျော်မှာ သီးထပ်များစိုက်ပျိုးခြင်းမရှိပေ။ မြေကိုအကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက စားရေရိက္ခာ များဖူလုံပြည့်ဝလာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် မူတည်၍ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှု ကဏ္ဍကြီးများတိုးတက်လာမည် ဖြစ်သည်။
စက်မှုလက်မှုလုပ်ငန်းများတွင် (MSME) လုပ်ငန်းများပါဝင်ပြီး ထိုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ ရရန်သေချာသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေချာဆုံး ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ထုတ်လုပ်လျက်ရှိပြီး ဆန်စက်၊ ဆီစက်များသည် စက်မှုလုပ်ငန်းများတွင် အကျုံးဝင်သည်။ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ထွက်ရှိသည့်အတွက် ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်သည်။ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်စသည့်ဆီထွက်သီးနှံများ၏ လက်ရှိအထွက်နှုန်းအတိုင်း ဆီထုတ်လုပ်မည်ဆိုပါက စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ(စားအုန်းဆီမပါ) စိုက်ဧက ၈ သိန်းရှိပြီး ပန်းတိုင်ရည်မှန်း ချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားသုံးဆီဖူလုံမှုမှာ ၂၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်၍ ပြည်ပမှဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲနှင့်နှမ်းများကို ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့်နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုကိုများစွာ အထောက်အကူ ဖြစ်စေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင် ၂ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားရာတွင် မိမိတို့တာဝန်ယူရသည့်အချိန်တွင် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များကိုအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင် ထုတ်လုပ်ပြီး ပိုလျှံလာပါက ပြည်ပသို့တင်ပို့နိုင်သည်အထိပါ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ (UMFCCI) အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဝိုင်းဝန်းဆောင်ရွက်နိုင်ရေး စဉ်းစား ဆောင်ရွက် ကြစေလိုကြောင်း၊ (UMFCCI) သည် ရောင်းဝယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြရသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အဖွဲ့များဖြစ်သောကြောင့် မိမိအနေဖြင့် အချိန်ယူတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်း ဖြစ်ပေရာ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကိစ္စရပ်များတွင် ဆောင်ရွက်၍ရသည်များကို တတ်နိုင်သမျှကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အတူ သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကလည်း ကျရာကဏ္ဍမှဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်ထုတ်လုပ်ခြင်းများ
ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူကဏ္ဍမှ စတင်လိုက်သည့်ထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို များစွာပြောင်းလဲစေနိုင်ပါသည်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အပြန်အလှန်မှီခို နေရခြင်းကြောင့် အပြန်အလှန်အကျိုးရှိစေရေး ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။